မြန်မာနိုင်ငံ မှာ ရေနံ ကို စတင် တွေ့ရှိချိန်(သို့) မြန်မာ့ရေနံသမိုင်းအစ

မြန်မာနိုင်ငံမှာ ရေနံကို ပုဂံခေတ် စလေငခွေးမင်း လက်ထက်မှစတင် တွေ့ရှိတယ်လို့ ယူဆရတယ်။ မင်းရဲ့ မိဖုရား တိမ်းရှောင် ထွက်ပြေးရာကို ပါခဲ့တဲ့ မိဖုရားရဲ့ နောက်ပါ အဆွေအမျိုး အခြံအရံတို့ အနက်မှ ၁၂ ဦး က ရေနံထွက်ရာ အရပ်ကို စတင်တွေ့ခဲ့ကြတယ်။

ထို ၁၂ ဦးတို့က အဲ့ဒီအချိန်က “ဆိပ်သာကွန်းထောက်” လို့ ခေါ်တဲ့ ဒေသ ( နောင်အခါ ရေနံများ ချောင်းပေါက်အောင် ထွက်ရှိ၍ ရေနံချောင်းဟု ခေါ်တွင်လာသော ရေနံမြေဒေသ) ဆိုင်ရာ သူကြီးထံမှာ မြေတိုင်းစာ ခံယူ၍ ထိုအရပ်၌ပင် နေထိုင်ပြီးလျှင် ရေနံ ရောင်းချ အသက်မွေးခဲ့ကြတယ်။

ရေနံ မင်းသုံးစိုးသုံး ဖြစ်လာ

ရေနံ ကို မင်းသုံးစိုးသုံး ဖြစ်လာတဲ့ ကာလက အနော်ရထာမင်း လက်ထက်မှာ စတင်တယ်။ သထုံပြည်မှ အနော်ရထားမင်း စစ်ခင်း၍ ရရှိခဲ့တဲ့ ပိဋကတ် ကျမ်းတို့ကို ခြ၊ ပရွက်ဆိတ် စတဲ့ ပိုးမွှားတွေ မဖျက်ဆီးနိုင်အောင် ရှင်အရဟံ ရဲ့ အကြံပေးချက်အရ ရေနံဖြင့် သုတ်လိမ်းလာကြတယ်။

ရေနံ ဆက်သွင်းခဲ့တဲ့ မူလ ရေနံတွင်းရိုး အိမ်ထောင်စု တွေကို ဘွဲ့ထူး ဂုဏ်ထူး တွေ ချီးမြှင့်ခဲ့တယ်။ တွင်းရိုး အိမ်ထောင်စုတို့သည် အခြားတစ်ပါးသော မျိုးရိုးတို့နှင့် မဆက်နွှယ်ဘဲ သီးသန့် နေထိုင်ကြပြီး အနော်ရထာမင်း လက်ထက်မှာ တွင်းရိုး ၂၄ ဦး ရှိခဲ့တယ်။

အဲ့ဒီခေတ်က စပြီး မင်းတုန်းမင်းတရားကြီး လက်ထက်တိုင်အောင် မြန်မာနိုင်ငံမှာ ရေနံကို သစ်ဝါးစသည်တို့ဖြင့် ပြုလုပ်တဲ့ အဆောက်အအုံ နဲ့ လူသုံးပစ္စည်းများ မဆွေးမမြေ့စေရန်၊ ပိုးကိုက် ခြစားခြင်းမှ ကာကွယ်ရန် အတွက်သာလျှင် အသုံးပြုခဲ့ကြလေတယ်။ ဒါ့ကြောင့် ရေနံလုပ်ငန်းဟာ ရှေးပုဂံခေတ်ထိ ဖွံ့ဖြိုးတိုးတက်မှု မရှိခဲ့လှချေ။

ရေနံ အရောင်းအဝယ် စတင်

ရွှေဘိုမင်း ( သာယာဝတီမင်း ) လက်ထက် တွင်မူ ရေနံပိဿာချိန် တစ်ရာလျှင် ဒေါင်းဒင်္ဂါး တစ်ကျပ်ခွဲ နှုန်းဖြင့် ဘုရင်မင်းမြတ်ထံ သွင်းကြ၍၊ ရေနံအရောင်းအဝယ် ကို ဘုရင့်လွှတ်တော်က ကြပ်မတ်ဆောင်ရွက်မှု ခံရတယ်။ အဲ့ဒီအချိန် မှာ အနောက်နိုင်ငံသားတွေ မြန်မာနိုင်ငံ မှာ ကုန်စည် ဝင်ထွက်ရောင်းဝယ်မှု ရှိနေကြပြီဖြစ်လို့ ရေနံလုပ်ငန်း ကိုလည်း စူးစမ်းလေ့လာ လာကြပြီ။

ရွှေဘိုမင်း လက်ထက်မှာပဲ ရေနံချောင်းမှ တွင်းရိုး အနွယ်များကို သူကောင်းပြု ရာမှ ရွှေနန်းတော် ကို အဝင်အထွက် ရှိခဲ့ကြတယ်။ “တွင်းရိုးတွင်းစား” ဆိုတဲ့ အသုံးအနှုန်းက သားစဉ်မြေးဆက် ရေနံတွင်း တွေကို တစ်ဆင့်ဝယ်ယူ လုပ်ကိုင်သူများ ကို ခေါ်ပါတယ်။

တွင်းရိုးအနွယ် ကြေးမြင်မိဖုရား

မင်းတုန်းမင်း က ရေနံချောင်း မင်းကြီး၏ သမီး တွင်းရိုးအနွယ် ဖြစ်တဲ့ မှန်နန်းအပျိုတော် ကြေးမြင် တိုက်စားကို “သုသီရိပဘာ” ဘွဲ့ဖြင့် မိဖုရား မြောက်ခဲ့တယ်။ ပျဉ်းမနား မင်းသားကြီး ဟာ မင်းတုန်းမင်း နဲ့ ထိုမိဖုရားတို့ရဲ့ သားတော်ပဲ။

ကြေးမြင် မိဖုရား လို့ လူသိများတဲ့ မိဖုရားဟာ မိဘဘိုးဘွားပိုင် မြေကွက်တွေမှာ ရေနံတွင်း များ တူးဖော်စေရာ၊ တွင်းပေါင်း ၁၂ဝ ရှိ၍ ဘုရင်နှင့် မိဖုရားပိုင် ဖြစ်လို့ “တော်တွင်းများ” လို့ ခေါ်ဝေါ်ကြတယ်။

အောက်မြန်မာပြည် နိုင်ငံခြားသားများထံ ရောင်းချ

မြန်မာ သက္ကရာဇ် ၁၂၂၃ ခုနှစ် (၁၈၇၁) ခန့်ကစပြီး တွင်းရိုးတွင်းစားများ ပိုင်တဲ့ တွင်းကုန်း နဲ့ ဘေးမဲ့ ရှိ ရေနံတွင်းများမှ ထွက်တဲ့ ရေနံစိမ်း ကို အင်္ဂလိပ်ကုမ္ပဏီ ကိုယ်စားလှယ်တို့ထံ ဘုရင်မင်းမြတ်၏ အရာထမ်း အမှုထမ်းတို့၏ ကွပ်ကဲမှုဖြင့် ရောင်းချစေခဲ့တယ်။

အဲ့ဒီအချိန် ကာလမှာ အာသံ၊ မဏိပူရ၊ ရခိုင်နှင့် အောက်မြန်မာပြည် တို့ဟာ အင်္ဂလိပ် လက်အောက် ကို ကျရောက်ပြီးလို့ အမေရိကန် ကုမ္ပဏီတစ်ခု က ရောင်းတဲ့ ရေနံဆီကို အသုံးပြုနေကြ ပြီ။

ဒါ့ကြောင့် ခရစ် ၁၈၇၁ ခုနှစ် ( မြန်မာ ၁၂၂၃ ခုနှစ် ) မှာ အောက်မြန်မာပြည်၊ ရန်ကုန်မြို့၊ သံလျက်စွန်း အနီး ဓနိတောအရပ် မှာ နိုင်ငံခြားသားပိုင် ရန်ကုန် ရေနံ ကုမ္ပဏီ ( အာအိုစီ ) က ရေနံချက် စက်ရုံတစ်ခုကို တည်ဆောက်ပြီး ရေနံမြေမှ ရေနံစိမ်းများ ကို ဝယ်ယူပြီးရေနံချက် လုပ်ခဲ့တယ်။

ရေနံစိမ်း အရောင်းအဝယ် သွက်လာလို့ တွင်းရိုးတွင်းစားများ နဲ့ ရေနံမြေရှိ အများပြည်သူတို့ လုပ်ငန်းကိုင်ငန်းတိုးတက် ပြီး စီးပွားရေး ဖွံ့ဖြိုးလာကြတယ်။

နိုင်ငံခြားသား ရင်းနှီးမြှပ်နှံမှု

စီးပွားရေးသမား နိုင်ငံခြား သား တရုတ်ကုလား တို့ကလည်း ရေနံမြေသို့ ရောက်လာကြကာ၊ ရေနံလုပ်ငန်းမှာ မသိမသာ ဝင်ရောက် အရင်းအနှီး မြှုပ်နှံ လာကြတယ်။

သီပေါမင်း လက်ထက်မှာလည်း ရေနံ အရောင်းအဝယ် ကောင်းမွန်ပေမယ့် ဓနိတော ရေနံချက် စက်ရုံ ကို ရေနံချောင်းမှ ရေနံစိမ်း မှန်မှန်မပို့နိုင် လို့ ရေနံချက် လုပ်ငန်း ကို မှန်မှန် မလုပ်နိုင်ဘဲ ကုမ္ပဏီကို ဖျက်သိမ်းလိုက် ရာ အဲ့ဒီကုမ္ပဏီ အစုရှင်တစ်ဦး ဖြစ်တဲ့ ဒေးဗစ်ဆိုင်းကာဂျီး က ကုမ္ပဏီရဲ့ လုပ်ငန်းကိစ္စ အဝဝကို ဝယ်ယူပြီး ရေနံလုပ်ငန်း ဆက်လက် လုပ်ဆောင်ခဲ့တာ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ မတိုက်မီ ကာလ အထိပဲ။ ထိုသူ ကိုယ်တိုင်ပဲ နောင်မှာ နာမည်ကြီး BOC ကုမ္ပဏီ ထူထောင်သူ ဖြစ်လာတယ်။

အရင်းရှင် ကုမ္ပဏီများရဲ့ စားကျက်ဖြစ်လာခြင်း နဲ့ ဘီအိုစီ ကုမ္ပဏီ စတင်ခြင်း

တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အပြီး ဗြိတိသျှ အစိုးရက မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီး နောက်မှာ ဒေးဗစ်ကာဂျီး က ၁၈၈၆ ခုနှစ် မှာ ဘီအိုစီ ကုမ္ပဏီကို ထူထောင်လိုက်ပြီး ရေနံလုပ်ငန်း အရပ်ရပ်ကို ချဲ့ထွင်တယ်။ တခြား အကြံတူတွေ လက်မဦးခင် အစိုးရထံ က ရေနံမြေ ရှာဖွေတူးဖော်ခွင့် ကိုလည်း အရယူလိုက်တယ်။

ဓနိတော ရေနံချက်စက်ရုံကို ဖြန့်ချိရေး ဌာနတစ်ခု အဖြစ်သုံးပြီး သံလျင်ဘက် ဗိုလ်ချုပ်ရွာ အနီးမှာ ရေနံချက် စက်သစ်တလုံးကို တည်ဆောက်၍ ရေနံ ချက်လုပ်စေတယ်။ ရေနံမြေမှာလည်း တွင်းတူး စက်ကိရိယာများကိုသုံး၍ ရေနံတူးဖော်စေပြီး ကျွမ်းကျင်တဲ့ အလုပ်သမားတွေကို ကမ္ဘာအရပ်ရပ်မှ ခေါ်ယူ အသုံးပြုခဲ့တယ်။

ဗြိတိသျှ အစိုးရ ဟာ မြန်မာနိုင်ငံ အချုပ်အချာ အာဏာကို သိမ်းယူပြီးနောက်မှာ မင်း၊ မိဖုရားပိုင် တော်တွင်း ၁ဝ၂ တွင်း နဲ့ တခြား ပိုင်ရှင်မပေါ်တဲ့ တွင်း ၂၇ တွင်း ကို သိမ်းယူပြီး ဘီအိုစီ သို့ အငှားစာချုပ် ပြုလုပ်၍ လွှဲအပ်လိုက်တယ်။ တွင်းရိုး တွင်းစားများ အစဉ်အဆက် ပိုင်ဆိုင်ခဲ့တဲ့ တွင်းကုန်း နဲ့ ဘေးမဲ့ အရပ်ရှိ ရေနံမြေများကိုလည်း နယ်နိမိတ်သတ်မှတ် အတည်ပြု၍ ရေနံတွင်းရာများ ကိုပါ တပါတည်းဂဏန်း ချစေပြီး မှတ်တမ်းတင်စေတယ်။

မှတ်တမ်းများအရ တွင်းကုန်း ရေနံမြေ ရဲ့ ဧရိယာဟာ ၂၉၅ ဧက ဖြစ်ပြီး လက်တွင်းပေါင်း ၂ဝဝ ခန့် ရှိတယ်။ ဘေးမဲ့ ရေနံမြေ ဧရိယာ ၁၈၅ ဧက ဖြစ်ပြီး လက်တွင်း ၅ဝ ကျော် ရှိတယ်။ တွင်းရာ တစ်ခု နဲ့ တစ်ခု ပေ ၆ဝ ခန့် ခွာ၍ တူးဖော်နိုင်တယ်။ တော်တွင်းများ အပါအဝင် ဘီအိုစီက တူးဖော်ခွင့် ရရှိတဲ့ ရေနံမြေ ဧရိယာဟာ ၄၉၄၄ ဧက ဖြစ်ပြီး ၃ စတုရန်းမိုင် ခန့် ရှိတယ်။ “တွင်းရိုး တွင်းစား” တွေရဲ့ တွင်းတွေဟာ လက်တွင်းများ ဖြစ်ကြတယ်။

လူလည်ကျတဲ့ ဘီအိုစီ နဲ့ နိုင်ငံခြား ကုမ္ပဏီများ

၁၈၈၈ ခုနှစ် ခန့်မှစ၍ ဘီအိုစီ က စက်ကိရိယာသုံး စက်တွင်းများဖြင့် ရေနံတူးဖော်ခြင်းကို စတင်လုပ်ကိုင်ခဲ့တယ်။ ရေနံချောင်း၌ ဘီအိုစီဟာ အခြေတည်မိပြီး နောက်မှာ တွင်းရိုး တွင်းစားများ၏ တွင်းရာများကို လည်း အငှားယူ၍ တွင်းသစ်များ ဖောက်လုပ်ခဲ့တယ်။ အချို့တွင်းရာများ ကိုလည်း တိုက်ရိုက် ဝယ်ယူလိုက်တယ်။

အငှားယူရာ မှာလည်း အငှားစာချုပ်တွေကို တဖက်စောင်းနင်း ကျတဲ့ စည်းကမ်းချက်တွေနဲ့ ချုပ်ဆိုခဲ့ရာ၊ တွင်းရိုးတွင်းစား များမှာ တွင်းရာကို ငှားရလျှင်၊ ဆိုင်သာဆိုင် မပိုင် တဲ့ အဖြစ်ကို ရောက်ကြရတယ်။ ဘီအိုစီ သာမက နောင်ပေါ်ပေါက်လာတဲ့ နိုင်ငံခြား ကုမ္ပဏီကြီး များကလည်း ထိုလမ်းအတိုင်း လိုက်၍ လျှောက်ကြတယ်။

ဘီအိုစီ ဟာ မြန်မာပြည်မှာ လုပ်ငန်း စတင်စက အရင်းအနှီး စတာလင်ပေါင် တစ်သန်းခွဲဖြင့် လုပ်ငန်းတည်ခဲ့တယ်။ နောင်အခါ စတာလင် ပေါင် ၁၈ သန်းအထိ တိုးတက် အရင်းအနှီး မြှုပ်နှံခဲ့တယ်။ ထိုကုမ္ပဏီ ဟာ အိန္ဒိယပြည် မှာသာမက ကမ္ဘာပေါ်မှာရှိတဲ့ အခြားရေနံလုပ်ငန်းကြီး များနဲ့လည်း အဆက်အသွယ်ရှိတယ်။

အထူးသဖြင့် ရွိုင်ယယ်ဒပ်ချ် ကုမ္ပဏီ၊ အင်္ဂလို-အီရေးနီးယန်း ရေနံ ကုမ္ပဏီကြီး တို့နှင့် ပို၍ နီးစပ်စွာ ဆက်ဆံခဲ့တယ်။ အင်္ဂလို-အီရေးနီးယန်း ရေနံ ကုမ္ပဏီမှာ ဗြိတိသျှအစိုးရက အစုရှယ်ယာ စတာလင်ပေါင် ၁၁ သန်း ပါဝင်ထားခဲ့တယ်။ ဘီအိုစီ ဟာ ၁၅ နှစ်ခန့် ရေနံမြေ မှာ တစ်ဦးတည်း ပြိုင်ဘက်ကင်းစွာ ရေနံထုတ်လုပ်ပြီး ကြီးပွားနေခဲ့တယ်။နောင်အခါ နိုင်ငံခြား ကုမ္ပဏီများ ရေနံလုပ်ငန်း သို့ အလျှို အလျှို ဝင်ရောက်လာခဲ့ရာမှ ရေနံကုမ္ပဏီပေါင်း ၃ဝ ခန့် ရှိလာခဲ့တယ်။

အိုင်ဘီပီ နဲ့ ဘီဘီပီ

ယင်းတို့အနက် (၁) အိုင်ဘီပီ ကုမ္ပဏီနှင့် (၂) ဘီဘီပီ ကုမ္ပဏီတို့သည် ထင်ရှားသော ကုမ္ပဏီကြီးများ ဖြစ်ကြတယ်။ အိုင်ဘီပီ ကုမ္ပဏီက ၁၉ဝရ ခုနှစ်ခန့်က မြန်မာ့ ရေနံလုပ်ငန်းလောကထဲသို့ ဝင်ရောက်လာပြီး စတီးဘရားသားကုမ္ပဏီက တည်ထောင်ပြီး အရင်းအနှီးငွေ တစ်ကုဋေဖြင့် စတင်ခဲ့တယ်။

ဒုတိယ ကမ္ဘာစစ်မဖြစ်မီ ကာလက ရေနံချက်စက်ရုံ တစ်ခုကို ဆိပ်ကြီး မှာ ဆောက်လုပ်ခဲ့သေးတယ်။ ရေနံတင် သင်္ဘောတစင်း ပိုင်၍ ဗဟို ရေနံသိုလှောင်ရေး နဲ့ ထုတ်ဝေရေး ဌာနကို အိန္ဒိယမှာ ဖွင့်လှစ် ဆောင်ရွက်တယ်။

ဘီဘီပီ ကုမ္ပဏီက ၁၉၁ဝ ပြည့်နှစ်မှ စတင်ပြီး မြန်မာ့ရေနံ လုပ်ငန်း မှာ ဝင်ရောက်ကျက်စားတယ်။ စတာလင်ပေါင် နှစ်သန်းခွဲဖြင့် အရင်းအနှီး စတည်ခဲ့သော်လည်း နောင်တစ်သန်းခွဲ သို့ လျော့ချခဲ့တယ်။ သီလဝါမှာ ရေနံချက် စက်ရုံတစ်ခု ဆောက်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်မတိုင်မီ ကာလအထိ ထိုကုမ္ပဏီမှ ထုတ်လုပ်တဲ့ ရေနံထွက် ပစ္စည်းများ ကို ဘီအိုစီကပင် နှစ်ပေါင်းများစွာ တာဝန်ယူ၍ ထုတ်ဝေရောင်းချခဲ့တယ်။

အထက်ဖော်ပြပါ ကုမ္ပဏီကြီများဟာ ရေနံထုတ်လုပ်မှုကို ဗြိတိသျှအစိုးရ၏ အရိပ်အာဝါသကို ခိုလှုံ၍ တွင်တွင် ကျယ်ကျယ် ဆောင်ရွက်နိုင်ခဲ့ကြတယ်။ အခြား ကုမ္ပဏီကလေးများမှာ ကုမ္ပဏီကြီးများရဲ့ အရှိန်အဟုန်ကို မခံနိုင်ဘဲ နောက်ဆုတ် သွားခဲ့ကြရတာလည်း ရှိခဲ့တယ်။

ကုမ္ပဏီလေးများရဲ့ အစုရှယ်ယာများကို ကုမ္ပဏီ ကြီးများက ဝယ်ယူ၍ လက်ဝါးကြီး အုပ်ခဲ့သည်လည်း ရှိတယ်။ တွင်းရိုးတွင်းစားများ ရဲ့ တွင်းရာများကိုလည်း နိုင်ငံခြား အရင်းရှင်များက ငှားယူ တဲ့အပြင် အပိုင်ဝယ်ယူခြင်းလည်း ပြုကြတယ်။ တွင်းရာများ ကို ကုမ္ပဏီများက အပြိုင်ဝယ်ယူ ကြရာ၊ မြန်မာမင်း လက်ထက်က ၁၅ ကျပ်သာ တန်ဖိုးရှိခဲ့သော တွင်းရာတစ်ခု ဟာ ကျပ်ငါးသောင်းအထိ စျေးတက်လာခဲ့တော့တယ်။

crd,wikipedia

Leave a Reply

Your email address will not be published.