လူသိနည်းသော မြန်မာ့ဒဏ္ဏာရီလာ သတ္တဝါ ( သို့ ) ငေါင်

Posted by

‘ငေါင်း’ သည် မြန်မာ့သမိုင်း မှတ်တမ်းများတွင် ပါသော ဒဏ္ဍာရီဆန်ဆန် ထူးဆန်းသည့် လူတူသတ္တဝါတစ်မျိုးဖြစ်သည်။ ငေါင်းသတ္တဝါသည် ယုံတမ်းစကား (ဝါ) နာနာဘာဝတို့၏ ရုပ်ဆောင်ချက် ဖြစ်သည်ဟု ယုံကြည်ထားကြသည်။

ငုံးလို ကြက်လို သတ္တဝါဖြစ်ပြီး ခြေတစ်ချောင်းသာ ပါကာ လူနှင့် ဆင်တူသည်ဟု ဆိုသည်။ တောတွင်းတွင် ငေါင်းကို ဖမ်းလိုလျှင် ပိုက်၊ကျော့ စသည့်နည်းများဖြင့် ဖမ်းမရပေ။ ငှက်ပျောဖက်ခင်း၍ ထောင်ထားပြီး ချော်လဲသွားမှ ဖမ်းနိုင်သည်ဟု ဆိုကြသည်။

ဂနန်းဘာသာစကားဖြင့် စောက်ကွန်း (ခြေတစ်ချောင်း အကောင်) ဟု ခေါ်သည်။ ရှေးမြန်မာ့ တိုင်းရင်းဆေးနည်းများတွင် ထိပ်ကပ်နာပျောက်ဆေး ဖော်ဆပ်သည့်နေရာတွင် ဒေါင်းရိုး၊ ငေါင်းရိုးတို့လည်း အပါအဝင် ဖြစ်သည်ကို တွေ့ရသည်။ တိမ်သလ္လာပျောက် မျက်စဉ်းဆေးတွင်လည်း ငေါင်းရိုး ပါဝင်သည်။

‘ သွင်ပြင်လက္ခဏာ ‘

ငေါင်းသည် ခြေတစ်ချောင်းထောက်၍ လမ်းလျှောက်တတ်သည်။ ဦးခေါင်းနောက် နောက်စေ့နေရာတွင် အောက်ချင်းငှက်ကဲ့သို့ အချွန်အတက်ကြီး ပါရှိသည်။ သစ်ပင်များ အထက်သို့ လူတစ်ရပ်ကျော် ခုန်၍ အဆိုပါ အချွန်အတက်ကြီးဖြင့် ပေါက်ကာ ကြာကြာ ရပ်တည်နေနိုင်သည်။ ခြေတစ်ချောင်းသာ ရှိသော်လည်း အပြေးအလွန်မြန်သည်။ ဒူးဆစ်ကွေးမရပေ။ သစ်ပင်ကို မှီကာ အိပ်စက်တတ်သည်။

အချို့အရပ်များတွင် အတောင် မပါဘဲ၊ လက်သာပါကြောင်း ထူးခြားစွာ ဆိုသည်။ ဖနောင့် ပြောင်းပြန် လှည့်နေသည့် အနေအထားရှိပြီး လက်မောင်းများ သန်မာသည်။ ခန္ဓာကိုယ်ပြားချပ်သည် စသည်ဖြင့် အမျိုးမျိုး ကွဲပြားစွာ ဆိုကြပြန်သည်။ “ငေါင်းခြေတစ်ချောင်း မစားကောင်း” ဟုပင် ရှေးစကားပုံ ရှိသည်။

‘ အထောက်အထား ‘

ငေါင်းနှင့် ပက်သက်ပြီး အခိုင်လုံဆုံးသော အထောက်အထားမှာ ကုန်းဘောင်မင်းဆက် ရွှေတိုက်တွင် ထားရှိသည့် ရွှေနန်းစဉ် လက်သုံးပုရပိုက်ဖြူ ဖြစ်သည်။

အဆိုပါ ဆေးရေးပုရပိုက်တွင် လူမျောက်ငရွှေမောင်၊ ကိန္နရာ အသေခြောက်၊ နဂါးဂဠုန် အသေခြောက်၊ ရေသူမ၊ နဂါးငါးကောင်၊ ကျွန်းဖို ကျွန်းမပင် စသည်အကြောင်းအရာတို့နှင့် အတူ လူငေါင်းပုံများပါ ပါဝင်သည်။ ဘိုးတော်ဘုရားလက်ထက်က တောင်ငူမြို့ မြတ်စောညီနောင် ဘုရားမှ ဖမ်းယူ ရရှိသည်။

တောင်ငူမြို့ဝန်မှ ဆက်သသည့် အဆိုပါ ငေါင်းတွင် လက်နှစ်ဖက်၊ ခြေတစ်ဖက် ပါဝင်သည်။ လက်နှစ်ဖက်ကို အတောင်များသဖွယ် ဘေးနှစ်ဖက်သို့ ဖြန့်ကားထားသည်။ အမျိုးသမီးမျက်နှာနှင့် ဆင်တူသော မျက်နှာပုံစံ ရှိသည်။ ဆံပင်တိုပြီး အသံမှာ ငှက်သံကဲ့သို့ ဖြစ်သည်။ အသားမစားဟု ဆိုသည်။

ငေါင်းသတ္တဝါသည် ကိုယ်ခန္ဓာပြားချပ်၏။ လက်နှစ်ဖက်ပါကာ လက်မောင်းများ ထွားကြိုင်း၏။ အရပ် ငါးပေတစ်လက်မခန့် ရှိသည်။ ဒူးဆစ်မရှိ။ ခြေတစ်ချောင်းသာ ပါ၏။ ခြေဖဝါးသည် အနောက်ဘက်သို့ လှည့်နေပြီး ဖနှောင့်သည် အရှေ့တွင် ရှိသည်။ ခါးတစ်ဆစ် ခြေမျက်စိ တစ်ဆစ် နှစ်ဆစ်သာပါ၏။ နဖူးသည် ခြောက်လက်မကျော် ကျယ်၍ပြောင်၏။ မေးကောက်သည်။

ခေါင်းနောက်စေ့တွင် ပေါက်ချွန်းပမာ၊ အမောက်ပမာ အရိုးကြီး ပါရှိသည်။ သစ်ပင် ထူထပ်သော တောနက်ကြီးများတွင် နေထိုင်တတ်သည်။ သစ်ပင်တစ်ပင်မှ တစ်ပင် ကူးပြောင်း သွားလာတတ်၏ဟု လေ့လာ တွေ့ရှိချက်အား ကချင်ပြည်နယ် နန်းမွန်ရွာ အမတ်ဟောင်းတစ်ဦးမှ ရေးသားဖူးကြောင်း ငှက်အမျိုးအနွယ်လဲ မဟုတ်ပါ။ အတောင် မပါရှိပါ။

ငေါင်းကောင်သည် လူနှင့်တူသော သတ္တဝါ ဖြစ်ပြီး ဆံပင် အလွန်ကောင်းသည်။ ငေါင်း၏ဆံပင်ကို ဆံစု (ဆံတု) လုပ်ပါက ဆံပင်ကောင်းသည်ဟု အယူရှိသဖြင့် ရှေးခေတ် အမျိုးသမီးများ ငေါင်း၏ ဆံပင်ကို ဆံစု(ဆံတု) လုပ်ကြလေ့ ရှိပါသည်။ ၎င်းသတ္တဝါသည် ခြေတဆစ် လက်တဆစ်သာ ရှိသောကြောင့် လူကဲ့သို့ ကွေး၍ မရချေ။ သို့သော် အလွန်အပြေးသန်သည်။

ကမ္ဘာပေါ်တွင် အပြေးအသန်ဆုံး ဖြစ်သည့် ခွေးပင် လိုက်၍ မမှီနိုင်ပေ။ ၎င်းတို့ကို ဖမ်းဆီးရန်မှာ ၎င်းတို့ ကျက်စားရာ ပါတ်ဝန်းကျင် တောင်စောင်းတနေရာတွင် ဝါးဖက်(ဝါးပိုးဖက်) များကို ခင်းထားရပြီး ဖက်ခင်းထားသည့် တောင်စောင်းဘက်သို့ ၎င်းတို့ကို မောင်းနှင်လိုက်သည့်အခါ ၎င်းတို့သည် ဖက်များကို နင်းမိကာ ခြေချော်၍ တောင်အောက်သို့ လိမ့်ကျသွားတတ်ပါသည်။

ထိုအခါမျိုးမှာ တောင်အောက်မှစောင့်၍ ဖမ်းရပါသည်။ ၎င်းငေါင်းကောင်သည် လဲကျရာမှ ထလိုလျှင် သစ်ပင်ငယ်လေးများရှိရာသို့ လူးလှိမ့်ပြီး ထိုသစ်ပင်ငယ်လေးများကို ကိုင်တွယ် ဆွဲယူပြီးထကြရသည်။ ၎င်းတို့ လဲကျရာမှ မထနိုင်မှီ အမိဖမ်းရသည်။

ဟုမ္မလင်း၊ ဗန်းမော်၊ ဝိုင်းမော်၊ မိုးကောင်းမြို့ အနီးတဝိုက် ရွာများတွင် ငေါင်းကို တွေ့ဖူးကြသည် ဆိုသည်။ နောက်ဆုံးတွေ့ခဲ့သည့် မှတ်တမ်းမှာ ၁၉၅၅ တွင် ကချင်ပြည်နယ် ကဝါးပွန်းရွာမှ ရွာသား ဝဂျစ်ခန်သည် သစ်ခွဲကြောင်းတွင် လက်ညပ်နေသော ငေါင်းတစ်ကောင်အား ဖမ်းဆီးခဲ့မှု ဖြစ်သည်။ ဆယ်လော်ရွာရဲစခန်းတွင် တစ်ညထားပြီး နောက်နေ့တွင် သေဆုံးသွားသည် ဆိုသည်။

သူတို့ကို ယဉ်ပါးအောင် မွေး၍ မရချေ။ အုပ်စုဖွဲ့ နေထိုင်တတ်ကြပြီး အကြီးဆုံးအကောင်မှာ လူ (၁၀)နှစ်သား အရွယ်ခန့် ရှိသည်။ ငေါင်း … ငေါင်း ဟု အော်မြည်တတ်သဖြင့် ငေါင်းဟု ခေါ်ရခြင်းဖြစ်သည်။

ရှေးအခါက ဒေါနတောင်တန်းတွင် အများအပြား တွေ့ရတတ်ပြီး ယခုအခါမှာတော့ မရှိသလောက်ကို ရှားသွားပြီ ဖြစ်ပါသည်။ သူတို့၏ အရိုးကို ဆေးတံရိုးလုပ်ပြီး သောက်လျှင် သွားခိုင်သည်ဟု ရှေးလူကြီးများက ဆိုကြသည်။

အချုပ်အားဖြင့် ဆိုသော် ငေါင်းသည် လူမဟုတ် နာနာဘာဝ မဟုတ်သလို ငှက်လည်း မဟုတ်ပေ။ လက်နှင့်ခေါင်း သဏ္ဌာန် ပါဝင်ပြီး ထူးဆန်းသည့် သတ္တဝါဆန်းတစ်မျိုး ဖြစ်ပြီး အမျိုးတုံး ရှားပါးသည်ဟုပင် သတ်မှတ်ပေရတော့မည်။

အောက်က ပုံများကတော့ ငေါင်းဟုသတ်မှတ်နိုင်တဲ့ ဖန်တီးထားသော ပုံရိပ်များပဲ ဖြစ်ပါတယ်။

Credit … မောင်ဒီပါ