ဇနီးသည်ကို ရှုခင်းအမျိုးမျိုး ကြည့်စေချင်လို့ လှည့်လို့ရတဲ့အိမ်ကို ဆောက်ပေးတဲ့ အမျိုးသား

Posted by

ဇနီးသည်ကို အမြဲတမ်း စိတ်ချမ်းသာစေချင်တဲ့ ဘော့စနီးယန်းလူမျိုး အမျိုးသားတစ်ယောက်က သူတို့ရဲ့အိမ်ကို လှည့်လို့ရတဲ့အိမ်အဖြစ် ပြောင်းလဲလိုက်ပါတယ်။

လှည့်လို့ရတဲ့အိမ်ကို တည် ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ နေထွက်လာတာကို ကြည့်နိုင်ဖို့၊ ဘေးပတ်ဝန်းကျင်ကို တစ်နေရာတည်းကနေ မြင်ရအောင်လို့ပါ။

အသက် ၇၂ နှစ်အရွယ် Vojin Kusic ဆိုတဲ့အမျိုးသားက သူ့ရဲ့ဇနီးသည်အတွက် လှည့်လို့ရတဲ့အိမ် ဆောက်ပေးလိုက်ရာကနေ လူအများရဲ့စိတ်ဝင်စားမှုလည်း ရရှိလာပါပြီ။ အဲဒီအိမ်က ဘော့စနီးယားနိုင်ငံ မြောက်ဘက်၊ Srbac မြို့အနီးမှာ တည်ရှိပါတယ်။ အိမ်က ၇ မီတာရှည်တဲ့ ဝင်ရိုးပေါ်မှာ လည်တာပါ။

လှည့်လို့ရတဲ့အိမ်ရဲ့ကောင်းတဲ့အချက်ကတော့ ကိုယ့်ရဲ့အိပ်ခန်းကနေ ပြောင်းခင်းတွေ၊ လယ်ခင်းတွေနဲ့မြစ်ကို ကိုယ်လိုချင်တဲ့ အမြန်နှုန်းနဲ့ လှည့်ကြည့်လို့ရတာပါ။ အိမ်အပြင်ကို ထွက်ပြီးတော့ မြင်ကွင်းတွေကို လှည့်ပတ်ကြည့်နေစရာ မလိုတော့ပါဘူး။

ဒီအိမ်ကို အနှေးဆုံးအရှိန်နှုန်း ပေးထားရင် တစ်ပတ်ပြည့်ဖို့ ၂၄ နာရီ ကြာပါတယ်။ အမြန်ဆုံး အရှိန်နှုန်းကို ပေးထားရင်တော့ တစ်ပတ်ပြည့်ဖို့ ၂၂ စက္ကန့်သာကြာပါတယ်။ သူ့ရဲ့ဇနီးကတော့ အိမ်သစ်နဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးပါဘူး။ အိမ်ဒီဇိုင်းကို Kusic ကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့တာပါ။

လှည့်လို့ရတဲ့အိမ်ကို ဆောက်ဖို့ စိတ်ကူးရတာကတော့ Serbian-American တီထွင်သူ Nikola Tesla နဲ့ Mihajlo Pupin တို့ ထံကနေပါ။ Kusic က ငယ်ငယ်တကည်းက ဆင်းရဲတဲ့မိသားစုကနေ ဆင်းသက်လာပြီး ပညာကိုလည်း ကောင်းကောင်း မသင်ယူခဲ့ရပါဘူး။

ဒီအိမ်ကို ဆောက်ဖို့ အချိန်နဲ့ ဗဟုသုတတွေ လိုအပ်ပြီး ကိုယ်တိုင် ဒီဇိုင်းဆွဲ၊ ကိုယ်တိုင် ဆောက်ခဲ့ကြောင်း Kusic က ပြောပါတယ်။ အိမ်ပြီးဖို့ အချိန် ၆ နှစ်ကြာခဲ့ပါတယ်။ ဆောက်နေရင်းနဲ့ နှလုံးရောဂါကြောင့် ဆေးရုံတက်လိုက် ရပါသေးတယ်။ ဒီအိမ်က သာမန်အိမ်တွေထက် ငလျင်ဒဏ်ကို ပိုခံနိုင်ပါတယ်။

” ကျွန်တော်က အိမ်ကိုပြီးအောင် ဆက်ဆောက်ချင်တာကြောင့် တစ်နှစ်လောက် အသက်ရှင်နိုင်ဦးမလား လို့ ဆရာဝန်ကို မေးခဲ့တယ်။ အိမ်ကို ဘယ်လိုဆောက်ရမလဲ ဆိုတာ ကျွန်တော်ကလွဲလို့ ဘယ်သူမှပြီးအောင် မဆောက်နိုင်လို့ပါ” လို့ Kusic က ပြောပါတယ်။ နှစ်တွေ ပြောင်းလဲလာပေမယ့် မပြောင်းလဲသေးတဲ့အချစ်ကို Kusic က သက်သေပြသွားခဲ့တာပါ။
credit