ပြည်သူ့အချစ်တော် မင်းသားချော အကယ်ဒမီ ပြေတီဦး ရဲ့ဘဝအကြောင်း

ပြေတီဦးကိုတော့ ၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ အဖဦးတင်မောင်ဦး၊ အမိဒေါ်တီတီတို့မှ မွေးဖွားခဲ့ပါတယ်။ ပြေတီဦးဟာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို လေးကြိမ်တိုင်တိုင် ရရှိခဲ့ သရုပ်ဆေင်တစ်ဦးဖြစ်တဲ့အပြင် အနုပညာပျိုးခင်း ရဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပြေတီဦးဟာ ပြေတီဦးပညာရေးဖောင်ဒေးရှင်းရဲ့ ဥက္ကဌ တစ်ဦးလည်း ဖြစ်ပါတယ်။ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ မြန်မာစာ၊ မြန်မာစကား အစီအစဥ်ကနေ နာမည်ရလာခဲ့ပြီး၊ ၂၀၀၉ ခုနှစ်မှာတော့ ကျွန်တော်နဲ့နတ်သမီးများ ရုပ်ရှင်ဇာတ်ကားနဲ့ အောင်မြင်ကျော်ကြားလာခဲ့ပါတယ်။

ပြေတီဦးရဲ့ အနုပညာလမ်းကြောင်းကို ခြေရာခံရမယ်ဆိုရင်တော့ ကျောင်းသားဘဝ ကတည်းက အနုပညာလောကထဲကို စတင်အခြေချခဲ့တာကို တွေ့ရပါတယ်။

၁၉၉၉ ခုနှစ်မှာ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားက‌နေ စီစဥ်တင်ဆက်တဲ့ မြန်မာစာ၊ မြန်မာစကား ပညာပေးအစီအစဥ်မှာ ပါဝင်သရုပ်ဆေင်ခွင့်ရရှိခဲ့ပါတယ်။

အဲ့ဒီ့နောက်မှာတော့ ဒါရိုက်တာ မောင်ပြည့်ဝရိုက်ကူးတဲ့ ရင်ရိပ်စွန့်လိပ်ပြာ ဇာတ်ကားမှာ ဇာတ်ပို့အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ ပြေတီဦးဟာ ဇာတ်ပို့ဘဝက ခေါင်းဆောင်မင်းသား အဖြစ်ရောက်ရှိအောင် ကြိုးစားခဲ့တဲ့ မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။

၁၉၉၉ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ ဇာတ်ပို့အဖြစ်နဲ့သာ ကျင်လည်ခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ စိန်ဌေးဗီဒီယို ထုတ်လုပ်ရေးကနေ ခေါင်းဆောင်မင်းသားအဖြစ် တင်ရိုက်ခဲ့ပါတယ်။ အဲ့ဒီနှစ်အတွင်းမှာ ချစ်တော့ချစ်တယ် အလိုမလိုက်ဘူး လို့ အမည်ရတဲ့ ရုပ်ရှင်ကားကြီး တစ်ကားသား ရိုက်ကူးခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာတော့ ချစ်ပန်းဝါဝါ၊ ချိုလိမ်၊ ရင်ဘတ်ချင်း အငြိ၊ ကျွန်မပုခုံးပေါ်မှာ လိပ်ပြာလေးတွေ နားခဲ့ဖူးတယ် စတဲ့ ဇာတ်ကားတွေနဲ့ အောင်မြင်မှု အတော်အတန် ရရှိခဲ့ပြီး တီဗွီကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့ပါတယ်။

၂၀၁၀ ခုနှစ်အတွက် အကယ်ဒမီ ဆန်ကာတင် ဇာတ်ကား ၁၅ ကားအနက် သူပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်ကားမှာ ၆ ကားအထိ ရှိခဲ့ပါတယ်။

ပြေတီဦး အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ် ဆိုတဲ့ဇာတ်ကားမှာ ဒဿဇာတ်ကောင်နဲ့ ၂၀၁၀ ပြည့်နှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။

အဲ့ဒီ့နောက်မှာတော့ လက်ပံ(၂၀၁၂)၊ နင်စေရင်(၂၀၁၃)၊ နှလုံးသားဖြင့် ပြုလုပ်သည်(၂၀၁၄) စတဲ့ ဇာတ်ကားတွေနဲ့ အကယ်ဒမီသုံးဆုကို သုံးနှစ်ဆက်တိုက် ဆွတ်ခူးခဲ့ပါတယ်။

ပြေတီဦးဟာ အနုပညာသမားတွေထဲမှာ ပထမဆုံး ပညာရေးဖောင်ဒေးရှင်း ထူထောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ပရဟိတ လုပ်ငန်းတွေကိုလည်း ကိုယ်တိုင်ဦးဆောင် လုပ်ကိုင်လျှက်ရှိပါတယ်။

သူရဲ့ ဝါသနာကတော့ တင်းနစ်ကစားခြင်းဖြစ်ပြီး အားလပ်ချိန်တွေမှာ ကစားလေ့ရှိတယ်လို့ သိရပါတယ်။ ပြေတီဦးဟာ နိုင်ငံကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ အိန္ဒြာကျော်ဇင်နဲ့ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီ ၁ရက်နေ့မှာ ခမ်းနားထည်ဝါစွာနဲ့ လက်ထပ်ထိမ်းမြားခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ပြေသုဒြာနဲ့ ပြေဒီရ ဆိုတဲ့ သားသမီးနှစ်ဦးနဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝကို ပိုင်ဆိုင်ထားကြပါတယ်။ ပြေတီဦး ဟာ လက်ရှိမှာတော့ အမှန်တရားဘက်က ပါဝင်ခဲ့တာကြောင့် အင်းစိန်ထောင်မှာ ဇနီးသည်နဲ့အတူ အကျဉ်းကျနေပါတယ်။ အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။credit

Leave a Reply

Your email address will not be published.