နိုင်ငံခြားသွားရင် ကောင်းမလား ဒီမှာပဲနေရင် ကောင်းမလား ဆုံးဖြတ်ရခက်နေကြသူများအတွက် အထောက်အကူဖြစ်စေမယ့် အချက်သုံးချက်

Posted by

နိုင်ငံခြားသွားရင် ကောင်းမလား ဒီမှာပဲနေရင် ကောင်းမလား ဆုံးဖြတ်ရခက်နေကြသူများအတွက်

နိုင်ငံခြားသွားရင် ကောင်းမလား ဒီမှာပဲနေရင် ကောင်းမလားဆိုပြီး ဝေခွဲရခက် ဆုံးဖြတ်ရခက်နေကြသူများအတွက် အထောက်အကူဖြစ်စေမယ့် အချက် (၃) ချက်ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

လက်ရှိအခြေအနေမှာ လူငယ်တော်တောများများက ပညာဆက်သင်ရင်ကောင်းမလား၊ အလုပ်ထွက်လုပ်ရင်ကောင်းမလား။လိုင်းပြောင်းရင်ကောင်းမလား၊ လက်ရှိအလုပ်ဆက်လုပ်ရင် ကောင်းမလား။

နိုင်ငံခြားသွားရင် ကောင်းမလား၊ ဒီမှာပဲနေရင် ကောင်းမလား ဆိုပြီး

ဆုံးဖြတ်ရခက်နေကြတယ်။ဝေခွဲရခက်နေကြတယ်။ကိုယ့်ဘဝတစ်ခုလုံးနဲ့သက်ဆိုင်နေတဲ့ ဆုံးဖြတ်ချက်တွေချရမှာဖြစ်နေတာကိုး။ဖြစ်မှဖြစ်ပါ့မလား။ မှားသွားရင်ဘယ်လိုလုပ်မလဲ။စသည်ဖြင့်ပေါ့။

ဘာလုပ်လိုက်ပါ၊ညာလုပ်လိုက်ပါလို့ အတိအကျပြောလို့တော့မရနိုင်ပါဘူး။တစ်ယောက်နဲ့တစ်ယောက်မှာရှိနေတဲ့ နောက်ခံအခြေအနေ၊လက်ရှိအခြေအနေ Variableတွေကတူညီနိုင်မှာမှမဟုတ်တာ။ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပါ။

ဒီလိုမျိုးကိုယ်တိုင်ဆုံးဖြတ်ချက်တွေချတဲ့အခါ အထောက်အကူဖြစ်စေမယ့် အချက်လေး (၃) ချက်ကိုတော့ပြောပြချင်ပါတယ်။

၁။နောင်တမရပါစေနဲ့။

အားလုံးမဟုတ်ပေမယ့်၊ဆုံးဖြတ်ရခက်၊ဝေခွဲရခက်နေကြတဲ့တစ်ချို့ကိစ္စတွေမှာ တစ်ကယ်တော့ခက်ချင်လို့သာခက်နေတာပါ။ဘာလုပ်သင့်သလဲဆိုတာကိုအတွင်းစိတ်ကသိပြီးဖြစ်နေတတ်ကြပါတယ်။မှားမှာစိုးလို့၊

အပြောင်းအလဲကိုကြောက်လို့၊အခက်အခဲတွေကိုရင်မဆိုင်ချင်လို့၊စသည်ဖြင့်အကြောင်းတွေကြောင့်လုပ်သင့်တာကို သိသိနဲ့ဝေခွဲရခက်နေတာမျိုးတွေဖြစ်နေတတ်ပါတယ်။

ဒီလိုအခြေအနေမှာလုပ်သင့်တာကိုမလုပ်မိရင်(သို့မဟုတ်)မလုပ်သင့်တာကိုလုပ်မိရင်နောင်တစ်ချိန်မှာ နောင်တရလိမ့်မယ်ဆိုတာကိုယ့်ကိုယ်ကိုယ်သတိပေးလိုက်ရင်မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်သွားပါလိမ့်မယ်။

၂။အရာရာ အကောင်းအဆိုးဒွန်တွဲနေတယ်။

ဘယ်အရာမဆိုအကောင်းအဆိုး ဒွန်တွဲနေသလိုပဲဆုံးဖြတ်ချက်တစ်ခုချင်းစီမှာအကောင်းအဆိုးကိုယ်စီကိုယ်စီရှိကြပါတယ်။ဒီအကောင်းအဆိုးတွေကိုသိရပါမယ်။ချင့်ချိန်ရပါမယ်။

တစ်ခုကိုရွေးချယ်လိုက်ရင်အဲ့ဒီတစ်ခုကပေးတဲ့ အကောင်းကိုရပေမယ့် ပယ်လိုက်တဲ့တစ်ခုကပေးတဲ့အကောင်းကိုစွန့်လွှတ်လိုက်ရတာပါပဲ။ဒါကိုလက်တွေ့ကျကျသိရှိလက်ခံနိုင်ပါမယ်။

ဟိုကဟာလည်းလိုချင်တယ်၊ ဒီကဟာလည်းလိုချင်တယ်တော့မလုပ်ပါနဲ့၊လူ့အလိုနတ်မလိုက်နိုင်ပါဘူး။ တစ်ခုလိုချင်ရင်တစ်ခုကိုစွန့်လွှတ်မှပဲရနိုင်မယ့်အရာတွေအများကြီးပါ။

၃။အကျိုးဆက်ကိုလက်ခံနိုင်ရမယ်။

လုပ်သင့်တယ်ထင်တာကိုသေချာတွက်ချက်ရွေးချယ်ပြီး လုပ်နေတဲ့ကြားတဲ့ကမှားသွားတယ်ဆိုတာမျိုးကလည်းရှိနိုင်တာပါပဲ။အမှားကတော့ဘယ်သူမှမကင်းနိုင်ပါဘူး။

ကိုယ့်ရဲ့အတွေ့အကြုံအားနည်းမှုကြောင့်ဆုံးဖြတ်မှားတာမျိုးဖြစ်နိုင်သလို၊အခြေအနေအရပ်ရပ်ကြောင့် ကံမကောင်းလို့မှားသွားတာမျိုးလည်း ဖြစ်နိုင်တာပါပဲ။

အမှားတစ်ခုကြုံလာတဲ့အခါအဲ့ဒီအမှားကနေ ရလာတဲ့သင်ခန်းစာတွေကိုနောက်တစ်ကြိမ်မှာအသုံးချရမှာဖြစ်ပါတယ်။လုံးဝအမှားမရှိအောင်ဆုံးဖြတ်ရမှာမဟုတ်ပါဘူး။တူညီတဲ့အမှားတစ်ခုကိုထပ်ခါထပ်ခါ လုပ်မနေရင်ပြီးတာပါပဲ။

အကောင်းအဆိုးဒွန်တွဲတဲ့သဘောကို သိရှိလက်ခံပြီးဖြစ်ပေါ်လာမယ့်အကျိုးဆက်ကိုရင်ဆိုင်လက်ခံဖို့ ကြိုတင်ပြင်ဆင်ထားသူအတွက်ဆုံးဖြတ်ချက်တွေချရတာပိုမိုလွယ်ကူနေပါလိမ့်မယ်။

ဖြည့်စွက်ချက်တစ်ခုအနေနဲ့ ဘာကိုမှအရမ်းကြီးစိတ်ပူမနေပါနဲ့လို့ပြောချင်ပါတယ်။ စိတ်အပူလွန်ပြီးတော့လည်းအမှားကိုရွေးမိတတ်ကြပါသေးတယ်။

ဒီတစ်ခါမှားသွားခဲ့ရင်၊နောက်ထပ်အခွင့်အရေးလုံးဝမရှိတော့ဘူးဆိုတာမျိုးလည်းမဟုတ်သေးပါဘူး။ အနည်းအများကွာသွားပေမယ့်အခွင့်အရေးသစ်တွေကတစ်ခုပြီးတစ်ခုထွက်ပေါ်လာနေဦးမှာပါ။

နောက်ဆုံးဖြည့်စွက်ချက်အနေနဲ့ကိုယ့်အားသာချက်ကိုကိုယ်သိပါလို့ ပြောချင်ပါတယ်။သူများ ရွေးတာကိုလိုက်ရွေးရမှာ မဟုတ်သလို သူများလုပ်တိုင်းလိုက်လုပ်ရမှာလည်းမဟုတ်ပါဘူး။

ကိုယ့်အခြေအနေ၊ကိုယ့်အားသာချက်ကိုသိမှ ကိုယ့်အားသာချက်နဲ့ကိုက်ညီတာကိုရွေးမှသာမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေဖြစ်လာမှာပဲဖြစ်ပါတယ်။စေတနာဖြင့်။ အောင်မြင်တိုးတက်နိုင်ကြပါစေ။

Zawgyi(version)