စိုးသူကတော့ ဆရာဝန်၊ အဆိုတော်၊ သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။ မိဘတွေကတော့ ဦးခင်မောင်လွင်၊ ဒေါ်ခင်သူဇာတို့ဖြစ်ပြီး ၁၉၆၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။
ဖခင်ကတော့ ဆည်မြောင်းတိုင်းဦးစီးမှူးဖြစ်ပြီး မိခင်ကတော့ ဗဟိုတရားရုံးရှေ့နေတစ်ဦး ဖြစ်ပါတယ်။ တစ်ဦးတည်းသောသားလို့ သိရပြီး အမည်ရင်းကတော့ စိုးသူလွင်ဖြစ်ပါတယ်။
မွေးချင်းသုံးယောက်ရှိပြီး သားအလတ်ဖြစ်ကာ အစ်မတစ်ယောက်နဲ့ ညီမတစ်ယောက် ရှိပါတယ်။ ဇာတိကတော့ တောင်တွင်းကြီးမြို့ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်မှာ ဆေးတက္ကသိုလ်(၁) ရန်ကုန်ကနေ ဆရာဝန်ဘွဲ့ကို ရရှိခဲ့ပါတယ်။
စိုးသူဟာ ဒါရိုက်တာ နီဝင်းထွန်းရဲ့ ခေါ်ဆောင်မှုကြောင့် အနုပညာလောကထဲကို နံ့သာလူးချိန်၊ ပန်းဖူးချိန်ဆိုတဲ့ဇာတ်ကားနဲ့ စတင်ရောက်ရှိလာခဲ့ပါတယ်။
၁၉၈၂ ခုနှစ်မှာတော့ မိုက်ကြွေးမိုက်ပြစ်ဆိုတဲ့ ဇာတ်ကားနဲ့ တဟုန်ထိုး နာမည်ကြီးလာခဲ့ပါတယ်။ သူရဲ့ပထမဆုံး တေးစီးရီး၊ အချစ်ရဲ့ မှတ်တမ်းကိုတော့ ၁၉၈၄ ခုနှစ်မှာ ဖြန့်ချီခဲ့ပါတယ်။
စိုးသူဟာ မကြာခဏဆိုသလိုပဲ အနုပညာအလုပ်တွေကို ရပ်နားလေ့ရှိပါတယ်။ စိုးသူဟာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Southern Maryland Hospital နဲ့ Washington Hospital တို့မှာ နှလုံးအထူးကုဆရာဝန်အဖြစ် တာဝန်ထမ်းခဲ့ပါတယ်။
၂၀၁၂ ခုနှစ် စက်တင်ဘာလကုန်ပိုင်းလောက်မှာတော့ မြန်မာပြည်ကို သူ့မိခင်ရဲ့ ခေါ်ယူမှုကြောင့် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
အရွယ်နဲ့မလိုက်အောင် နုပျိုနေမှုကြောင့် လူကြီး၊ လူငယ် ပရိသတ်တွေကြားမှာ ပြန်လည်ရေပန်းစားခဲ့ပါတယ်။ ပြန်လည်ရောက်ရှိချိန်မှာတော့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ SOLO SHOW သုံးပွဲ ပြုလုပ်ပြီး သူ့ရဲ့ ကျော်ကြားခဲ့တဲ့ တေးသီချင်းတွေကို ပြန်လည်ဖျော်ဖြေခဲ့ပါတယ်။ ဒါ့အပြင် တီဗွီကြော်ငြာ အချို့ကိုလည်း ရိုက်ကူးခဲ့ပါသေးတယ်။
စိုးသူရဲ့ ကျော်ကြားခဲ့တဲ့ တေးစီးရီးအချို့ကတော့ ကြိုပါကွယ်(၁၉၉၀)၊ ဆယ်ကျော်သက်(၁၉၉၁)၊ သက်ဆုံးတိုင်(၁၉၉၄)၊ ကိုယ့်နေ့သစ်များ(၂၀၀၁)၊ ကြည်ဖြူပါတော့ ရာသက်ပန်(၂၀၀၀)၊ အမြတ်နိုးဆုံး မင်းလေးအကြောင်း(၂၀၁၅) တို့ပဲဖြစ်ပါတယ်။
တစ်ကိုယ်တော်တေးစီးရီး စုစုပေါင်း ၁၁ ခွေ ဖြန့်ချီခဲ့ပါတယ်။ စိုးသူဟာ အောင်မြင်တဲ့ အဆိုတော်တစ်ဦးဖြစ်သလို သရုပ်ဆောင်တစ်ဦးအနေနဲ့လည်း ရုပ်ရှင်ကားပေါင်း ၁၀၀ကျော်၊ ဗီဒီယိုကားပေါင်း ၂၀၀ ကျော်ကို ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။
အိမ်ထောင်ရေးအနေနဲ့ ဒေါ်ခင်မြမြဝတ်မှုန်နဲ့ လက်ထပ်ခဲ့ပြီး Angel Soe Lwin ဆိုတဲ့ သမီးတစ်ဦး ထွန်းကားခဲ့ပါတယ်။
ဇနီးဖြစ်သူနဲ့ ကွာရှင်းပြီးသားဖြစ်တယ်လို့လည်း သိရပါတယ်။ အားလပ်ချိန်တွေမှာတော့ ရေကူး၊ စက်ဘီးစီး၊ ဂျူဒို၊ ကရာတေး စတဲ့ အားကစားနည်းတွေ ပြုလုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။
credit