အကယ်ဒမီများရှင် ဝါရင့်မင်းသားကြီး ရန်အောင် ရဲ့ ဘဝအကြောင်း အပြည့်အစုံ

အကယ်ဒမီများရှင် မင်းသားကြီး ဦးရန်အောင်ကိုတော့ ၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ဇာတိကတော့ ရန်ကုန်မြို့ဖြစ်ပြီး မိဘတွေကတော့ အဖဦး ဦးတင်မောင်၊ အမိဒေါ်သိန်းသိန်း တို့ပဲဖြစ်ပါတယ်။

အမည်ရင်းကတော့ မောင်လှထွန်း ဖြစ်ပါတယ်။ မင်းသားကြီးဦးရန်အောင်ဟာ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးအပြင် အောင်မြင်တဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။

အနုပညာလောကထဲကို ၁၉၈၅ ခုနှစ်မှာ ဒါရိုက်တာ မျိုးမြင့်အောင်ရဲ့ အချစ်ခြင်းတူရင် မောင်မောင်တို့က အရှုံးပေးလိုက်မယ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ စတင်ဝင်ရောက်ခဲ့ပါတယ်။

ဒီဇာတ်ကားမှာတော့ နာမည်ကျော်တွေဖြစ်တဲ့ ခိုင်ခင်ဦး၊ တင်နီလာဝင်းတို့နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့ပါတယ်။

သရုပ်ဆောင်တစ်ဦး ဖြစ်လာခဲ့ပုံကတော့ ဒါရိုက်တာမျိုးမြင့်အောင် ရိုက်ကူးတဲ့ ချစ်ကြိုးလေးနှစ်မျှင် ဇာတ်ကားရိုက်ကွင်းကို သွားရောက်ကြည့်ရှုရာကနေ Camera man မှ ရုပ်ရှင်ရိုက်မလားဆိုပြီး ကမ်းလှမ်းခဲ့ရာကနေ စတင်ခဲ့တာပဲဖြစ်ပါတယ်။

ရုပ်ရှင်မရိုက်ခင် ချစ်နှင်းဆီ လှလှလေးဇာတ်ကားမှာ မင်းသားကြီး ကျော်သူ့ကိုယ်စား နောက်ခံသီချင်းသီဆိုပေးခဲ့ပါတယ်။

ရန်အောင်ဟာ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက်နေ့မှာ မင်းသားကြီး ဝင်းကြီး ကွယ်လွန်ခဲ့တဲ့အတွက် ရိုက်လက်စဖြစ်တဲ့ ခိုင်မာလာနှင်းဆီဇာတ်ကားမှာ မင်းသားကြီးဝင်းဦးကိုယ်စား အစားထိုးသရုပ်ဆောင်ပေးခဲ့ပါတယ်။

မြန်မာ့ရုပ်ရှင်သမိုင်းမှာတော့ ရန်အောင်ဟာ အကယ်ဒမီများရှင် ဦးညွန့်ဝင်းပြီးရင် ဒုတိယမြောက် အကယ်ဒမီဆု အများဆုံးရရှိထားတဲ့ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

မယ်သီတာလို မိန်းကလေး(၁၉၉၁)၊ ပုဂံမှာသာတဲ့လ(၁၉၉၅)၊ အလင်းဖျော့ကောင်းကင်(၁၉၉၆)၊ ညမင်းသား(၁၉၉၈)၊ မောဟမျဥ်းပြိုင်များ(၂၀၀၀)၊ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းမေတ္တာ(၂၀၀၆) စတဲ့ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုပေါင်းများစွာကို ဆွတ်ခူးခဲ့ပါတယ်။

ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ရန်အောင်ဟာ အဆိုပိုင်းမှာလည်း ပါရမီပါသူပီပီ တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့ပါတယ်။

အဆိုပညာနဲ့ပတ်သက်ပြီးတော့ ၁၉၈၄ ခုနှစ်ကတည်းက အဆိုတော်ကြီး ‌ဒေါ်မာမာအေးထံမှာ အဆိုသင်တန်းတက်‌ရောက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

စည်းနဲ့ဝါးလို့ အခြေခံကစပြီး သင်ကြားခဲ့တဲ့ ခေတ်ပေါ်သီချင်းတွေသီဆိုရာမှာ ကျွမ်းကျွင်ပိုင်နိုင်စွာနဲ့ သီဆိုနိုင်တာပဲဖြစ်ပါတယ်။

အခုအချိန်အထိ ဂီတလမ်းကြောင်းပေါ်မှာ ရပ်တည်နိုင်နေခြင်းဟာလည်း ဒီအချက်တွေကြောင့်ဖြစ်တယ်လို့ သူကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ရန်အောင်နဲ့နတ်သမီးများဆိုတဲ့ တေးစီးရီးဟာဆိုရင်လည်း အလွန်ပဲ‌ ကျော်ကြားလှပါတယ်။ ဒီစီးရီးထဲမှာဆိုရင် မေသန်းနု၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ မေသဥ္ဇာဦး၊ အိန္ဒြာကျော်ဇင် အစရှိတဲ့ နာမည်ကျော် အမျိုးသမီးတွေနဲ့ တွဲဖက်ပြီး သီဆိုခဲ့ပါတယ်။

ဒါ့အပြင် ရန်အောင်ဟာ မြန်မာနိုင်ငံရဲ့ နာမည်ကျော် TV Program တစ်ခုဖြစ်တဲ့ Myanmar Idol(Season-3) မှာ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။

မင်းသားကြီးရန်အောင်ဟာ အခုအချိန်မှာ အသက်ငါးဆယ်ကျော်အရွယ်ကို ရောက်နေပေမယ့်လည်း ရုပ်ရှင်ဇာတ်ကားတွေမှာ အဓိကကျတဲ့ ဇာတ်ဆောင်နေရာတွေကနေ သရုပ်ဆောင်နေရဆဲပါပဲ။

အောင်မြင်မှုများစွာဆွတ်ခူးခဲ့ပြီး ယနေ့တိုင် အောင်မြင်နေဆဲဖြစ်တဲ့ စွယ်စုံရ မင်းသားကြီး ဦးရန်အောင်ရဲ့အကြောင်းကတော့ ဒီလောက်ပါပဲ။
credit

Leave a Reply

Your email address will not be published.