တောင်အာဖရိက ရွာတစ်ရွာအနီး စိန်သိုက်ကြီးတွေ့လို့ လူသောင်းနဲ့ချီ တူးဖော်နေကြ

တောင်အာဖရိကနိုင်ငံ၊ KwaZulu-Natal စီရင်စုနယ်မြေအတွင်းရှိ KwaHlathi အမည်ရ ရွာလေးအနီးမှာ ဧရာမစိန်သိုက်ကြီး တွေ့တယ်ဆိုပြီး နာမည်အလွန်ကြီးနေပါတယ်။

နွားကျောင်းသားတစ်ယောက်က စိန်ပွင့်လို့ယူဆရတဲ့ ကျောက်မြက်အရိုင်းတုံးလေးတွေ စတင်တွေ့ရှိခဲ့ရာကနေ

အဲဒီမြေလွတ်ကွင်းပြင်ကြီးဆီ လူတွေ သောင်းနဲ့ချီ ရောက်လာခဲ့တာပါ။ လက်ရှိအချိန်ထိတော့ သူတို့ရှာတွေ့တဲ့

ကျောက်ရိုင်းတုံးလေးတွေကို စိန်ရယ်လို့ တိတိကျကျ စစ်ဆေးတာမျိုးတော့ မကြားရသေးပါဘူး။ ဒါပေမယ့် အားကောင်းမောင်းသန် အမျိုးသားတွေကတော့

အဲဒီကွင်းပြင်အတွင်း စွမ်းအားရှိသမျှ အကုန်သုံးပြီး၊ ပေါက်ပြားတွေ၊ တူရွင်းတွေ၊ ပေါက်ချွန်းတွေနဲ့ တူးဖွကာ ရတနာ ရှာနေကြပါတယ်။

စိန်ပွင့်လို့ယူဆရတဲ့ ကျောက်မြက်အရိုင်း လက်တစ်စုပ်စာ ရရှိထားတဲ့ Mendo Sabelo အမည်ရ အရပ်သားကတော့

” ဒါက ကျွန်တော်တို့ဘဝတွေကို ပြောင်းလဲပေးမှာလေ …”လို့ အားတက်သရော ပြောပါတယ်။

သူက ” ကျွန်တော်တို့တစ်တွေဟာ ပုံမှန်အလုပ်အကိုင် မရှိကြပါဘူး … ကျွန်တော်ဆို ကြုံရာလုပ်ရတယ်-

” ကျွန်တော် ဒီရတနာတွေနဲ့ အိမ်ပြန်နိုင်ခဲ့တော့ မိသားစုတွေမှာ ပျော်လို့မော်လို့ပေါ့ … “လို့ ပြောပါတယ်။

သူဟာ ကလေးနှစ်ယောက်ဖခင် အသက်(၂၇) နှစ်အရွယ်ဖြစ်ပြီး၊ အခုအချိန်ရရှိတဲ့အခွင့်အရေးက သူတို့ဘဝတွေကို အမှန်တကယ် သူဌေးဘဝရောက်စေနိုင်မယ်လို့

အတိအကျ ယုံကြည်နေရှာပါတယ်။ ဒီနယ်မြေမှာ နာရီအနည်းငယ်လောက်နဲ့ တချို့ဆို ကျောက်ရိုင်း လက်တစ်ခုပ်စာ ရကြလေ့ရှိတယ်လို့ သိရပါတယ်။

KwaHlathi ရွာလေးဟာ Ladysmith မြို့ပြင်ပမှာ တည်ရှိပြီး၊ တောင်ယာစိုက်စားလို့ရတဲ့ လယ်မြေကလည်း အနည်းအကျဉ်းသာရှိတာကြောင့်

ရွာသားတွေဟာ ရွာနီးချုပ်စပ်ရွာတွေမှာ နေ့စားအလုပ်ကြမ်းတွေ လုပ်ကြရပါတယ်။ စိန်ထွက်တယ်ဆိုတဲ့ သတင်းကြောင့်

ဘဝတူတွေဟာ ဒီနေရာကို ရှေ့ဆင့်နောက်ဆင့် ရောက်လာကြပြီး၊ အိပ်မက်တွေ တူးဖော်ကြပါတယ်။

နယ်မြေခံ ကျောက်မြက်ရတနာတူးဖော်ရေးနဲ့ သတ္တုတွင်းဝန်ကြီးဌာနခွဲကလည်း သူတို့တစ်တွေ ရရှိထားတဲ့အရာတွေဟာ

တကယ်စိန်တွေ ဟုတ်မဟုတ်ဆိုတာ အတည်ပြုနိုင်ဖို့အတွက် ကျွမ်းကျင်ပညာရှင်တွေကို စေလွှတ်ထားတယ်လို့ ပြောပါတယ်။

အလုပ်လက်မဲ့တစ်ဦးဖြစ်တဲ့ Skhumbuzo Mbhele ကတော့- ” ကျုပ်တစ်သက်တော့ စိန်ရယ်လို့ တစ်ခါမှ မမြင်ဖူးခဲ့ဘူး … ဒါက ပထမဆုံး အကြိမ်ပေါ့ … “လို့ ပြောပါတယ်။

သူလည်း ကျောက်ရိုင်း အပွင့်(၂၀)လောက် ရထားတယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေ ကလေးတွေကလည်း အလုပ်ကို နိုင်သလောက် ကူညီနေကြပါတယ်။

ကြားသိရသလောက်တော့ ဒီအရိုင်းတုံးတွေကို တချို့က (၁၀၀)ရန်ဒ်ကနေ (၃၀၀)ရန်ဒ်လောက်နဲ့ ရောင်းနေတယ်လို့ သိရပါတယ်။

(၁၀၀)ရန်ဒ်ဟာ စင်္ကာပူ(၁၀)ဒေါ်လာခန့်နဲ့ ညီမျှပါတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ သတ္တုတွင်းဝန်ကြီးဌာနက လက်လုပ်လက်စား တူးဖော်သူတွေကို ဆက်ပြီးမတူးဖို့ တားမြစ်အမိန့် ထုတ်ပြန်ခဲ့ပြီး၊

အကြောင်းပြချက်အနေနဲ့ကတော့ အာဏာပိုင်တွေဘက်က စစ်ဆေးစရာရှိတွေရှိတယ်လို့ ဆိုထားသလို၊ အခြားတစ်ဖက်မှာလည်း ကိုဗစ်ကို ထိန်းချုပ်ဖို့ဆိုပြီး အကြောင်းပြထားပါတယ်။
credit

Leave a Reply

Your email address will not be published.