တရုတ်ရဲ့ ဝယ်လိုအားကြောင့် တစ်ပိဿာ ကျပ် (၂၀၀၀၀) အထိ ဈေးရနေတဲ့ တောထန်းမြစ်
မကွေးမြို့နဲ့ မန္တလေးမြို့ ဈေးကွက်မှာ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားကြောင့် သဘာဝပေါက်ပင်ကထွက်ရှိတဲ့ တောထန်းမြစ် တစ်ပိဿာ ကျပ် ၂၀၀၀၀ အထိ ဈေးရရှိနေတယ်လို့ ကုန်သည်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
သြဂုတ်လ ဒုတိယအပတ်လောက်ကစပြီး တောထန်းမြစ်ကို တူးဖော်ရောင်းချနေတဲ့ ဒေသခံတွေကို တရုတ်ကုန်သည်တွေက အစို တစ်ပိဿာ ကျပ် ၅၀၀၀ ဝန်းကျင်ပေးဝယ်ပြီး အခြောက် တစ်ပိဿာကို ကျပ် ၂၀၀၀၀ ဈေးကောင်းပေးဝယ်နေတယ်လို့ ဆိုပါတယ်။
တောထန်းမြစ်တူးသူတွေမှာ အခြေခံလူတန်းစားတွေပါဝင်ပြီး တစ်ဦးကို တစ်နေ့ ၄ ပိဿာလောက်တူးနိုင်လို့ ပြည်သူတွေရဲ့နေ့စဉ်စားသောက်ဖို့အခက်အခဲကို ယာယီဖြေရှင်းလို့ရနေတာဖြစ်တယ်လို့ မကွေးတိုင်း ပွင့်ဖြူမြို့နယ်က ဒေသခံတချို့ကပြောပါတယ်။
တောထန်းမြစ်ကို တရုတ်နိုင်ငံမှာ ဆေးဝါးဖော်စပ်တဲ့ နေရာမှာ အသုံးပြုပြီး လက်ရှိ မန္တလေးဈေးကွက်အတွင်းသို့ မိုးမိတ်၊ မိုးကုတ်၊ သပိတ်ကျင်း၊ ကောလင်း၊ ထီးချိုင့်၊ ယင်းမာပင်၊ ပုလဲ၊ ချင်းတွင်းမြစ်အနောက်ဘက်မှ တောထန်းမြစ်တွေ ဝင်ရောက်မှုရှိနေတယ်လို့ သိရပါတယ်။
တောထန်းမြစ်ကို တစ်နှစ်တစ်ရာသီ မိုးနှောင်းကာလ စက်တင်ဘာလနဲ့ အောက်တိုဘာလတို့မှာ တူးဖော်ပြီး ဈေးကွက်အတွင်းသို့ရောင်းချ ကြပါတယ်။
တောထန်းမြစ် ပေါက်ရောက်လေ့ရှိတဲ့ ဒေသများမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီး အနောက်ခြမ်းဒေသတို့ ဖြစ်ကြောင်း သိရပါတယ်။
ဒေသခံတွေက အလုပ်မရှိတော့ တောထန်းမြစ်ရဖို့ အပင်လေးတွေတူးကြတယ်၊ အိမ်နီးခြင်းနိုင်ငံကြီးက ရသလောက်ဝယ်တယ်၊ ဒေသခံတွေ ဝင်ငွေရပေမဲ့ တဖက်က အပင်တွေမျိုးတုံးရတယ်၊
ကိုယ့်ဆီက ပညာလည်းမတတ်တော့ အပင်ရဲ့တန်ဖိုး ဘာမှမသိပေမဲ့ သူတို့နိုင်ငံမှာတော့ ဆေးကျမ်းတွေမှာ အတိအကျညွှန်းထားပြီး တန်ဖိုးရှိလှသောအပင် ဖြစ်ပါတယ်။