မြန်မာငွေကိုင်မထားချင်လို့ ကား၀ယ်မယ်ဆိုတဲ့သူတွေဖတ်ကြည့်ပါ

Posted by

ကားစျေးဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတချို့မှာ မြေစျေးလို လိုက်တက်တဲ့အချက်ကတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ရထားစနစ်၊ ဘတ်စ်စနစ်၊ သင်္ဘောစနစ်တွေ ကောင်းလို့ ကားကို အားကိုးဖို့မလိုသလောက် ဖြစ်လို့ ကားဝယ်သူနည်းတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကားစျေးက မကြီးပေမဲ့ ကားဝယ်ပြီး ဆောင်ရတဲ့ အခွန်နဲ့ စရိတ်တွေ အာမခံကြေးတွေက ကြီးတော့ လူအတော်များများက အလုပ်ရှုပ်ခံပြီး ကားမဝယ်ကြတော့ဘူး။

နောက်တချက်က ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကားစီးရတာဟာ အလုပ်သွား အလုပ်ပြန် ကားပိုကျပ်လို့ မစီးကြသလို ကားရပ်ခ ကားဖြတ်ခတွေကလည်း ကြီးလို့ ကိုယ်ပိုင်ကားစီးသူနည်းတယ်၊ ကားပါကင်တွေ အလုံအလောက် လုပ်ထားပေးလို့ လမ်းပေါ်မှာ ကားရပ်ရမည့် ပါကင်ပြဿနာလည်း အတော်နည်းပေမဲ့ အခွန်အခက မသေးဘူး။

ဖွံ့ဖြိုးဆဲနိုင်ငံတွေကျတော့ ကားတစီး တင်သွင်းလာတိုင်း အခွန်ပဲ ကောက်တတ်ကြတာ။ ကားအတွက် ပါကင်နေရာတွေ အဆင်ပြေဖို့ မလုပ်ကြဘူး။ ဖြစ်သလို မြေပြင်တွေပေါ်မှာ ကားတစီးက နေရာယူထားရော။ ကားတစီး သွင်းလာတိုင်း တိုင်းပြည်မှာ ကားတစီးအတွက် မြေနေရာ ၅ ပေ ၁၀ ပေ ယူထားလိုက်သလို ဖြစ်နေတယ်။

ရန်ကုန်လို မြေစျေးကြီးတဲ့ နေရာတွေအတွက် ရန်ကုန်လိုင်စင်နဲ့ စီးတာတောင် အတော် ကားကျပ်တဲ့အဖြစ်။ အထပ်မြင့် ကားပါကင်နေရာတွေ ဆောက်ပေးဖို့ မပြောနဲ့ ။ မြေပြင်မှာ မီးပွိုင့်စနစ်တောင် သေချာမလုပ်ပေးနိုင်ဘူး။

နှစ်စဉ် ကားက ရသမျှ အခွန်တွေကိုလည်း ကားအတွက် ပြန်သုံးဖို့ နေနေသာသာ အခုလက်ရှိမှာ ကားခွန် ဘီးခွန်တွေသာ ရန်ကုန်မှာ အဆမတန်ကောက်နေတာ လမ်းတွေ အတော်များများမှာ ကားလမ်းတွေဟာ အပေါက်ကြီးတွေ ၊ ချိုင့်ကြီးတွေနဲ့ အတော်အခြေအနေဆိုးလာတယ်။

အိမ်စီးကားတွေ နည်းဖို့ ရထားစနစ်နဲ့ ဘတ်စ်စနစ်က တိုးတက်မလာတဲ့အပြင် ဘတ်စ်ကားစီးသူတွေကိုပါ အစီးလိုက်ခေါ်ပြီး လုယက်ဓမြတိုက်မှုတွေ ဖြစ်လာတော့ အခုနောက်ပိုင်းမှာ အရင်က ကားမဝယ်တဲသူတွေတောင် ကားက ဝယ်ရင် ရှုံးမှန်းသိသိနဲ့ ဝယ်လာကြတယ်။

ဒီတော့ ရထားစနစ်၊ ဘတ်စ်စနစ်တွေ မကောင်းတော့ ကားချည်း စီးကြတော့ လမ်းပိုကြပ်တော့ ကားလမ်းတွေ ပိုပိတ်၊ စက်သုံးဆီတွေ ပိုကုန်ရတယ်။ အနိမ့်ကားတွေ ပိုသုံးကြတော့ အရင်က အပိုပစ္စည်း အလျှံပယ်ရှိတဲ့ ကားအမျိုးအစားတွေတောင် အပိုပစ္စည်းတွေ ဒေါ်လာတက်စျေးနဲ့ ထပ်သွင်းရတော့ အပိုပစ္စည်းစျေး တက်လာလေ ကားဟောင်းစျေးကလည်း လိုက်တက်လာတယ်။

ကားဝယ်စီးလို့ အရင်ခေတ်တွေကလို မြတ်မယ်ဆိုပြီး စီးပွါးတွက်တွက်တဲ့သူတွေအတွက် မမြတ်ဘူး။ ဒါပေမဲ့ နေ့စဉ် ငွေသွင်း ငွေထုတ် လုပ်နေသူတွေအတွက်တော့ ဘတ်စ်ကားစီး၊ အငှါးကားစီးလို့ လုခံရမှာထက် ပိုပြီး လုံခြုံတော့ အွန်လိုင်းစီးပွါးရေး လုပ်တဲ့သူအများစုဟာ ကိုယ်ပိုင်ကားတွေ ဝယ်၊ ငှားလာကြတယ်။

ဒီတော့ ဥပမာ ရန်ကုန်လို လိုင်စင်နဲ့မှ မောင်းလို့ရတဲ့ကားတွေအတွက်တော့ မြေနေရာတွေ လိုလာတယ်။ ကားတစီးထားဖို့ မြေနေရာဟာ မြေစျေးအတိုင်း နေရာယူလာတော့ ကားတစီးတင်သွင်းတိုင်း ပါကင်နေရာ ရှားမှုက ဖြစ်လာတယ်။ ကွန်ဒိုတွေ အထပ်မြင့် ကားပါကင်တွေမှာ ကားသွားထားပြန်ရင်လည်း တလကို အနည်းဆုံး ၅၀၀၀၀၊ ၆၀၀၀၀ အထက်ပေးရတယ်။

လူတချို့က သိန်းစိန်ခေတ်ကလို ကားပါမစ်တွေ လွယ်လွယ်ပြန်ချပေးရင် ကားစျေးတွေ ဒလဟော ပြန်ကျမယ်လို့ ပြောကြပေမဲ့ လက်တွေ့အခြေအနေကို နားလည်တဲ့သူတွေကတော့ မဖြစ်နိုင်တာကို သိကြတယ်။ ရွာတွေ နယ်တချို့မှာ ကားပါကင် ပေါပြီး မိမိ အိမ်ခြံထဲမှာ ထားလို့ရတော့ လိုင်စင်တောင် မလိုပဲ နှစ်ပေါင်းများစွာ စီးလာကြတာ အတော်ကြာနေကြပြီမလား။

မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတို့ဆိုတာလည်း မြို့ပြင်မှာသာ W စီးနေကြတာ။ လူကြီးပိုင်းနဲ့ ပိုင်တဲ့သူတွေက W စီးနေကြတော့ ကားလမ်းတွေဟာ အရင်မှန်းထားတဲ့ စီးရေထက် အဆမတန်များပြီး လမ်းတွေ ပိုကြပ်လို့ ကားကို တရားဝင် သွင်းဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အချိန်ပါပဲ။ ကားစျေးတွေ အခုထက် ပိုကျ မကျကတော့ ကိုယ်တိုင်ဆုံးဖြတ်ကြပေါ့။ (Aung Kyaw Oo)