လူမိုက်ကြီး လမ်းမတော် ဖိုးတုတ် အကြောင်း

Posted by

အပိုင်း(၁)
လွန်ခဲ့တဲ့ နှစ်အနည်းငယ် မြန်မာ့ရုပ်ရှင်လောကမှာ ထွက်ပေါ်ခဲ့တဲ့ လူမိုက်တစ်ရာ ဆိုတဲ့ ဇာတ်ကားကို လူကြိုက် အတော်များခဲ့ပါတယ်..။

ဒီဇာတ်လမ်းဟာ တစ်ခေတ်တစ်ခါက ရန်ကုန်မြို့မှာ တကယ်ရှိခဲ့ဖူးတဲ့ လူမိုက်ကြီး လမ်းမတော် ဦးဖိုးတုတ် ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း ကို ရိုက်ကူးထားတယ် လို့လည်း ပြောနေ ဆိုနေတာတွေ ကြားခဲ့ဖူးပါတယ်။

ဒါပေမယ့် ကျွန်တော် ဒီဇာတ်လမ်းခွေကို ကြည့်ပြီးတဲ့ အခါမှာတော့ လမ်းမတော် ဖိုးတေ ဇာတ်လမ်း ဟာ သမိုင်းအချက် အလက်အရ လမ်းမတော် ဖိုးတုတ် ဇာတ်လမ်း အစစ်အမှန် လုံး၀ မဟုတ်ဘူး သိလိုက်ရပါတယ်..။

အဲဒီ ဇာတ်ကားကြည့်ပြီးတဲ့ လူတော်တော်များများကတော့ ဒါဟာ လမ်းမတော်ဖိုးတုတ် သမိုင်း အမှန်ပဲ လို့ ထင်နေကြတဲ့အတွက် ကျွန်တော် ဒီသမိုင်းကြောင်းကို ရေးသားရခြင်းဖြစ်ပါတယ်။

လူမိုက်တစ်ယောက်ရဲ့ သမိုင်းကြောင်းကို မင်းက ဘာလို့ဒီလောက်ရှင်းချက်တွေ ထုတ်နေတာ လဲဆိုပြီး မေးလာသူ တွေရှိပါလိမ့်မယ်..။ ကျွန်တော်ရှင်းပါ့မယ်။

ဦးဖိုးတုတ် ဟာ ကိုလိုနီခေတ်မှာ ရန်ကုန်မြို့ရဲ့ ပြိုင်ဘက်မရှိ နာမည်အကျော်ကြားဆုံး မြန်မာ လူမျိုး လူမိုက် တစ်ဦးပါ။ ယို့ယွင်းနေတဲ့ ကိုလိုနီအုပ်ချုပ်ရေး စနစ်နဲ့အတူ လူမျိုးခြား လူမိုက်တွေ ကြီးစိုးနေတဲ့ ရန်ကုန်မြို့ မှာ လူမျိုးခြားလူမိုက်တွေကို နှိပ်ကွပ်ခဲ့ပြီး မြန်မာတွေဘက်ကရပ်တည်ပေးခဲ့တဲ့ မြန်မာလူမိုက်ကြီး ပါ ။

မခံချင်စိတ်ကြောင့် အသက်ငယ်ငယ်မှာ လူဆိုးလူမိုက်ဖြစ်ခဲ့ရပေမယ့် ဦးဖိုးတုတ်ဟာ လူယုတ်မာတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး..။

ခေတ်ရဲ့ သားကောင်အဖြစ် လူဆိုးလူမိုက်ဖြစ်ခဲ့တဲ့ လမ်းမတော် ဦးဖိုးတုတ်ရဲ့ တစ်ခြားမျက်နှာ တစ်ဖက်မှာရှိနေတဲ့ မျိုးချစ်စိတ်၊
နိုင်ငံချစ်စိတ်၊ လွတ်လပ်ရေးကိုမြတ်နိုးစိတ် ဆိုတဲ့ ဇာတိမာန်လေးကို တွေ့မြင်စေချင်လို့ ၊ ရုပ်ရှင်ကြည့်ပြီး သမိုင်းအချက်အလက် အမှားတွေကို အမှန်လို့ မထင်စေချင်လို့ ဒီစာကို ရေးရခြင်းဖြစ်ပါတယ် ။

လမ်းမတော်ဖိုးတုတ် ဆိုတဲ့ လူမိုက်ကြီး ဟာ ဟိုင်နန်ကျွန်းမှာ စစ်ပညာသင်ကြားဖို့ သွားခဲ့တဲ့ ရဲဘော်သုံးကျိပ် အတွက် ငွေကြေးအများဆုံး လှူဒါန်းခဲ့တဲ့ သူတစ်ဦးဖြစ်တယ် ဆိုတဲ့ သမိုင်းမှာ မထင်ရှား ခဲ့တဲ့ဖြစ်ရပ်လေး တွေကို ပေါ်လွင်စေချင် တဲ့ စေတနာလည်းဖြစ်ပါတယ်..။

လမ်းမတော်ဖိုးတုတ် ဆိုတာ

ဦးကျော်ဟိန်း ရိုက်ခဲ့တဲ့ လမ်းမတော်ဖိုးတေ ရုပ်ရှင်ထဲကလို ဖိုးတုတ် ဟာ ကုန်ထမ်းသမား တစ်ယောက် မဟုတ်သလို ဖိုးတုတ်ရဲ့ လူမိုက်ဘ၀ ဟာ ရန်ကုန်ဆိပ်ကမ်းက အစပြုခဲ့တာလည်း မဟုတ်ပါဘူး ။

ဖိုးတုတ် ရဲ့ မိခင်ကြီးဒေါ်ချစ်ပု ဟာ ရန်ကုန်မြို့ (၁၄)လမ်းမှာ ဈေးရောင်းပြီး အတန်အသင့် ချောင်လည်တဲ့ မိသားစုပါ ။
ဖိုးတုတ်မှာ ညီ ကိုဘသိန်း၊ ညီမ ဒေါ်မမလေးတို့ရှိပြီး အရပ် ၅ ပေ ၈ လက်မ ၊ အသားညိုညို နှုတ်ခမ်းမွှေး ထားတတ်တဲ့ ဖိုးတုတ် ဟာ ဘဝကို အပူအပင်မရှိ ဖြတ်သန်းနိုင်ခဲ့သူပါ..။

ဖိုးတုတ် ဟာ သူနေတဲ့ လမ်းမတော် (၁၄) လမ်းမှာ အတန်းအစား ပေါင်းစုံနဲ့ အပေါင်းအသင်း ဆန့်သူ တစ်ယောက်ဖြစ် ပြီး လူငယ်ပီပီ ဂျင်ဝိုင်း ၊ ကြက်ဝိုင်း တွေမှာ လှည့်လည်ပျော်ပါး အချိန်ဖြုန်းရင်း တစ်ခါတစ်ရံ မိခင်ကို ကူညီဈေးရောင်းရင်း နေခဲ့သူပါ ။

ဦးလေးတော်သူ ရဲ့ မြို့တွင်းဆွဲ မော်တော်ကား မှာ စပါယ်ရာ လိုက်လုပ်ခဲ့ပေမယ့် မဟုတ်မခံ စိတ်ကြောင့် ခဏခဏ ရိုက်မှုဖြစ် ပြီး အလုပ်ထွက် ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဖိုးတုတ်ရဲ့ လူမိုက်ဘဝက………..ဒီလိုစပါတယ်..။ ဖိုးတုတ် ကို လူမိုက်ဘဝရောက်အောင် စတင်ခဲ့တဲ့သူကတော့ လမ်းမတော် ဖိုးတုတ် ခေတ် မတိုင်ခင် လမ်းမတော် လူမိုက်ကြီးဖြစ်ခဲ့တဲ့……….ပုဏ္ဏားဘထွန်း ပါပဲ…။

အဲ့ဒီခေတ်က လမ်းမတော်မှာ ပုဏ္ဏားဘထွန်း ၊ သိမ်ကြီးဈေး လှဖေ ၊ ဗိုလ်တစ်ထောင် ကျောက်တံတား မတ်စတီးခန်း ၊ ကြည့်မြင့်တိုင် ကြက်ကျား ၊ ဘားလမ်းဟူစိန် ဆိုပြီး ရန်ကုန်မြို့မှာ သူ့အပိုင်းနဲ့သူ အပိုင်စား လူမိုက် ကြီးတွေ ကြီးစိုးခဲ့ပါတယ်။

ရန်ကုန်မြို့အုပ်ချုပ်ရေးမှာ ပုလိပ်အင်အားနဲ့လူဦးရေမမျှတဲ့အတွက် ပုလိပ်တွေ ဟာ နယ်မြေတိုင်းက အပိုင်စားလူမိုက်တွေကို ခါးပိုက်ဆောင်ထဲထည့်ပြီး အုပ်ချုပ်ခိုင်းလေ့ရှိပါတယ် ။

နယ်မြေအပိုင် လူမိုက်တွေဟာ ကိုယ်ပိုင်နဲ့နယ်မြေထဲက ဒုစရိုက်မှုက ရတဲ့ငွေကြေး ၊ ဈေးရောင်း ဈေးဝယ် စီးပွားရေး သမားတွေရဲ့ မိမိစီးပွားရေး မထိခိုက်အောင် ကာကွယ်ပေးဖို့ ပေးတဲ့ လစဉ်ကြေးကို ခံစားလေ့ရှိပါတယ်..။

အဲ့ဒီလူမိုက်တွေထဲမှာမှ ပုဏ္ဏားဘထွန်းက ကြောက်စရာ အကောင်းဆုံး အဖြစ် နာမည်ကြီးပါတယ်။ ပုဏ္ဏားဘထွန်း ရဲ့ နောက်မှာ ဗိုလ်တစ်ထောင်က ကုလားသူဌေးတစ်ဦးလည်းဖြစ် လူမိုက်တစ်ဦးလည်း ဖြစ်တဲ့ မတ်စတီးခန်း ရှိပါတယ်။ ပြီးတော့ ပုလိပ်မင်းကြီးနဲ့လည်း ပုဏ္ဏားဘထွန်း ဟာ ပုဂ္ဂိုလ်ရေးအရ အင်မတန်ရင်းနှီးတယ်လို့ နာမည်ကြီး ပါတယ် ။

အဲ့ဒီအချိန်မှာ ဖိုးတုတ် ကလည်း လမ်းမတော် တဝိုက်မှာ နည်းနည်းလေး နာမည်ထွက်လာတဲ့ ဇ ရှိတဲ့ လူငယ်ခြေတက် ကလေးပေါ့..။

ဖိုးတုတ် က ဆင်းရဲသားမဟုတ် ၊ မိုက်ကြေးခွဲခံရတဲ့ အထဲမပါပေမယ့် လူမျိုးခြား လူမိုက်တွေ ရန်ကုန်မြို့ထဲ စိုးမိုးခြယ်လှယ်နေတာကို လုံးဝမကျေနပ် ၊မြန်မာလူမျိုးတွေ သတ္တိနည်းလို့ လူမျိုးခြား လူမိုက်တွေ ဗိုလ်ကျခံနေရတာကို မနှစ်မြို ၊ ပြီးတော့ သိမ်ကြီးဈေး လှဖေ တို့လို မြန်မာလူမိုက်တွေ ကလည်း ကိုယ့်အပိုင်နယ်လောက်မှာသာ ကျယ်နိုင်ပြီး တစ်ခြားနယ်တွေမှာ ကုလားလူမိုက်တွေ မြန်မာလူမျိုးတွေကို အနိုင်ကျင့်တဲ့ကိစ္စတွေကို လက်ရှောင် နေတတ်ကြတာ ဟာ ဒီကုလားလူမိုက်တွေကို မြန်မာလူမိုက်တွေက ကြောက်လို့ပဲလို့ ယူဆမိပြီး ခံပြင်းနေခဲ့ပါတယ်။

ဒါနဲ့ပဲ လူမိုက်လောကထဲ ဝင်ဖို့ ဖိုးတုတ်ရဲ့ ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေမဲ့… ကိစ္စတစ်ခု ပေါ်လာပါတော့တယ် ။ပြသနာက ဒါလ်ဟိုဇီလမ်းမှာ အပိုင်စားပြီး ဈေးသည်တွေကို မိုက်ကြေးလိုက် ခွဲနေတဲ့ မတ်စတီးခန်းရဲ့ တပည့် မာမွတ် နဲ့ဖိုးတုတ် တို့ စကားများရာ က ဖိုးတုတ်က မာမွတ်ကို မူလီခေါင်းတပ် တုတ် နဲ့ မသေမရှင်ရိုက်လိုက်ရာက စတာပါ..။

မာမွတ်ကို ရိုက်လိုက်တဲ့ ကိစ္စအတွက် လူမိုက်ကြောနောကြေနေ တဲ့ မတ်စတီးခန်းက သူ့တပည့်ကုလားလူမိုက်တွေကို ဖိုးတုတ်ကို ရန်သွား မရှာကြဖို့ ၊ ဖိုးတုတ် ဟာ မီးခဲ ဖြစ်လာနိုင်တယ် ဆိုပြီး တားမြစ်ခဲ့ပါသေးတယ်..။

ဒါပေမယ့် မာမွတ် ကိစ္စမကျေနပ်တဲ့ မတ်စတီးခန်း တပည့်နှစ်ယောက်က ဖိုးတုတ် ကို ပြသနာရှာကြရာမှာ နှစ်ယောက်လုံး ဖိုးတုတ် က ဓါးမြောင်နဲ့ထိုးလွှတ် လိုက်ပါတယ်..။

ဒါပေမယ့်လည်း မတ်စတီးခန်းရော ၊ ပုဏ္ဏားဘထွန်း ပါ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ဖိုးတုတ် ကို ပြသနာလာ မရှာကြတာကိုက ဖိုးတုတ်အတွက် ဝိရောဓိဖြစ်စရာ ကိစ္စတစ်ခုဖြစ်နေပါတယ် ..။

ပုဏ္ဏားဘထွန်းက သူ့လူကိုထိရင် ဘယ်လိုပြန်လုပ် တတ်သည်ဆိုတာ ရာဇဝင်တွေရှိတာကို ဖိုးတုတ်သိသည်.. ဒီအတိုင်းထိုင်နေပြီး သူလာမယ့်အချိန် စောင့်နေတာထက် ပုဏ္ဏား ကို သွားရှင်းမည်။ ပြီးတော့ နယ်မြေအပိုင်လူမိုက်တွေကို တစ်ယောက်ပြီး တစ်ယောက် ဆက်ရှင်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်………..။

Credit – ကိုကိုမောင်