ပုဂံရာဇဝင်ထဲက ” ဒဏ္ဍာရီဆန်သော ဝေဠုဝတီ မိဖုရား ” (သို့) ဝါးမိဖုရား အကြောင်း

Posted by

ဝေဠုဝတီမိဖုရားသည် နရပတိစည်သူမင်း (၁၁၆၅-၁၂၁၁) ၏ မိဖုရား ၆ ပါးအနက်ထင်ရှားသော မိဖုရားတစ်ပါးဖြစ်သည်။ပုဂံရာဇဝင်၌ ဒဏ္ဍာရီဆန်သော အဖြစ်အပျက်များတွင် ပါဝင်ပက်သက်ခဲ့သူလည်း ဖြစ်၏။

နရပတိစည်သူကို နရသူမင်းနှင့်မိဖုရားမြောက်ပြင်သည်တို့မှ
အေဒီ-၁၀၅၀ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်သည်။နရသူမင်းတွင် မင်းယဉ်နရသိင်္ခနှင့် နရပတိစည်သူဟူသောသားတော်နှစ်ပါးရှိ၏။နရသူမင်းလွန်ပြီးနောက် သားတော်ကြီးမင်းယဉ်နရသိင်္ခသည် ၁၁၆၁ခုနစ်တွင် ပုဂံထီးနန်းကို စိုးစံကာ ညီတော်နရပတိစည်သူကို အိမ်ရှေ့အရာပေးခဲ့သည်။

အခါတစ်ပါးတွင် ရှမ်းပြည်နယ် မြင်စိုင်းဝက်ဝင် အရပ်ရှိတောတွင်းမှ ဝါပင်အတွင်း သန္ဓေတည်သော အဆင်းအင်္ဂါ လက္ခဏာတို့နှင့် ပြည့်စုံသည့် သံသေဒဇသတို့သမီးငယ်ကို ပြော့လူမျိုးတို့ကတွေ့ရှိခဲ့သည်။ပဋိသန္ဓေမျိုး(၄)ပါးရှိရာ ထိုထိုဘဝ၏ အစတည်နေရမှု့ဖြစ်စဉ်မျိုး ၄ပါးဟူ၏။

၁။ ဥပပတ် ပဋိသန္ဓေ – ကိုယ်ထင်ရှား ဘွားကနဲဖြစ်ပေါ်
လာသော ပဋိသန္ဓေမျိုး
၂။ သံသေဒဇ ပဋိသန္ဓေ – အညှိ ကိုစွဲ၍ အလွန်သေးငယ်
စွာမှ တဖြည်းဖြည်းကြီးပွားလာရသည့် ပဋိသန္ဓေမျိုး
၃။ အဏ္ဍဇ ပဋိသန္ဓေ – ဥခွံအတွင်းနေရသော ပဋိသန္ဓေမျိုး
၄။ ဇလာဗုဇ ပဋိသန္ဓေ – မိခင်၏ သားအိမ်၌ နေရသော
ပဋိသန္ဓေမျိုး (မှတ်ချက်- အဏ္ဍဇနှင့်ဇလာဗုဇ နှစ်မျိုး
ပေါင်း၍ ဂဗ္ဘသေယျက ပဋိသန္ဓေဟူ၍လည်းရှိသေးသည်)

ရှေးဟောင်း စာပေကျမ်းဂန်များ၌ တွေ့ရသည့် သစ်သီး
သစ်ပင်တို့၏ အညှိမှ သံသေဒဇပဋိသန္ဓေတည်ကာ မွေး
ဖွားလာခဲ့သူများမှာ …

၁။ မယ်လမု (လမုသီး မှာ သန္ဓေတည်မွေးဖွား)
၂။ စိဉ္ဇမာဏ (မန်ကျည်းပင်မှ သန္ဓေတည်မွေးဖွား)
၃။ အမ္ဗပါလီ ပြည့်တန်ဆာမ (သရက်ပင်မှ မွေးဖွား)
၄။ ရူစိရပဘာဝတီ (အိုးစရည်းခန့်ရှိ ဥသျှစ်သီးမှမွေးဖွား)
၅။ ဝေဠုဝတီမိဖုရား (ဝါးပင်မှ သန္ဓေတည် မွေးဖွား)ဟူ၍
တွေ့ရလေသည်။

ဝါးပင်၏ အညှိမှ ဖြစ်ပေါ်၍လာသော သံသေဒဇပဋိသန္ဓေ
တည်ခဲ့သည့် ထိုမိန်းကလေးသည် သာမန်အမျိုးသမီးတို့
နှင့်မတူ မြင်ရသူပုရိသအပေါင်း စွဲလမ်းတိမ်းညွတ်တပ်မက်
လောက်အောင် ချောမောလှပသည်ဟု အဆိုရှိသည်။ထိုသို့
ရွှေအဆင်းရှိသော မိန်းကလေးအရွယ်ရောက်သော် ပုဂံ
ပြည့်ရှင် မင်းယဉ်နရသိင်္ခထံ လာရောက်ဆက်သ၏။

ဘုရင်က မြင်လျှင်ဘုန်းကံမဆုံသည်ဖြစ်၍ အပြင်အဆင်မရှိသောသတို့သမီးငယ်အား နားပေါက်များကျယ်ဟကာ ခါးဝမ်းဗိုက်လှပမှု့မရှိဟု “နားကျယ်နှင့်ဝမ်းပျက်လိလိ”ဟူ၍ဆိုကာ ညီတော်အိမ်ရှေ့မင်းအားပေးစေသည်။

ထိုအခါ သားတော်နှစ်ပါး၏ မယ်တော် မိဖုရားကြီးမြောက်ပြင်သည်က ချွေးမလောင်းကိုခေါ်ယူကာ နန်းတွင်းအလေ့အလာများကိုသင်ယူစေပြီး သူမ၏ အလှကိုပိုမိုတောက်ပလာစေရန် အပြစ်အနာပြောစရာမရှိအောင်အလှအပပြုပြင်ဖန်တီးပေးခဲ့၏ ဝါးအတွင်းမှ ရရှိသူဖြစ်၍”ဝေဠု ဝတီ”ဟုအမည်မှည့်ခေါ်စေသည်။

သို့ဖြင့် ထီးမူနန်းဟန်နှင့် အရောင်အဆင်းအပြင်အလျာ အလွန်တင့်တယ်လှပသူဖြစ်ပေ၏။ တစ်နေ့တွင် ဘုရင်သည်မယ်တော် ၏နန်းဆောင်သို့အလာ ခယ်မတော်နှင့်တွေ့ဆုံမိရာ ပြင်းပြစွာ စွဲလမ်းတပ်မက်တိမ်းညွတ်မိလေတော့သည်။ထို့ကြောင့်အိမ်ရှေ့ မိဖုရားအား သိမ်းပိုက်လိုသောဆန္ဒဖြင့် ဘုရင်က ဥပယ်တမျဉ်ပြု၍ ငဆောင်ချမ်းအရပ်(ဗန်းမော်အနီး)တွင် သူပုန်များသောင်းကျန်းထကြွနေသည်ကို နှိမ်နင်းရန် ညီတော်အိမ်ရှေ့မင်းအား လှည့့်ဖျား စေလွှတ်လိုက်လေသည်။

ညီတော်ကလည်း မသင်္ကာသဖြင့် မိမိ၏ကျွန်ယုံမြင်းခံငပြည့် ကို အစောင့်ထားခဲ့ကာ အကြောင်းထူးလျှင်အမြန်လိုက်လာခဲ့ဖို့ မှာကြားပြီး စစ်ချီခဲ့သည်။ငဆောင်ချမ်းအရပ်သို့ရောက်သောအခါ သူပုန်များကိုမတွေ့ရသဖြင့်နောင်တော်ဘုရင် ၏ လှည့်စားမှု့ကိုသိရလေသည်။

ဘုရင်လည်း ညီတော်မရှိသည်နှင့် ခယ်မတော်ဝေဠုဝတီကိုသိမ်းယူ၍ မိဖုရားမြှောက်လေသည်။ထိုအခါ ကျွန်ယုံငပြည့်လည်း အဖြစ်မှန်တင်ပြရန် အိမ်ရှေ့မင်းထံ မြင်းလျှင်နှင့် အပြင်းနှင်လေသည်။ငါးဘတ်ချောင်းအရပ်သို့ရောက်သောအခါ ချောင်းတစ်ဖက်ကမ်းတွင် အိမ်ရှေ့မင်း စခန်းချထားကြောင်းမသိပေ ညဉ့်အခါဖြစ်သဖြင့်တစ်ဘက်ကမ်း၌ပင် ညအိပ်ရပ်နားခဲ့သည်။

ထိုည၌ပင်ငပြည့်စီးလာသောမြင်းသူတော်က ချောင်းတစ်ဘက်ကမ်းရှိသူ့သခင်နရပတိစည်သူ၏ အနံ့ရ၍တစ်ညလုံး ဟီသံ
ပေးလေ၏။နရပတိစည်သူလည်း မြင်းသူတော်ဟီသံကြားလျှင် သင်္ကာမကင်းရှိချေသည်။

မနက်ရောက်လျှင် ချောင်းကိုကူးကာ အရှင်အားအလုံးစုံတင်လျှောက်၏။ ဤမျှ အရေးကြီးသောအချိန်တွင် ချောင်းတစ်ဖက်၌ တစ်ညအိပ်ကာအချိန်ကုန်လွန်စေရကောင်းလောဟု ကျွန်ယုံအား အိမ်ရှေ့မင်းသားဒေါသမွှန်ကာ ကွပ်မျက်လိုက်လေသည်။အလောင်းကို ရေတွင်မျောလိုက်ရာ ဧရာဝတီမြစ်ကမ်း ကျွန်းတစ်ကျွန်းတွင်သောင်တင်လေသည်။ ထိုကျွန်း၌ပင် သဂြိုလ်ပြီးနောက်”ရွှေပြည့်ရှင်ကျွန်း”ဟု ခေါ်တွင်သည်။

(ယခု မန္တလေးတိုင်းငါန်းဇွန်မြို့နယ်အတွင်း တည်ရှိ၏)မင်းမိန့်ဖြင့် ထိုအရပ်ကိုအပိုင်စားစေပြီး “မြင်းဖြူ ရှင်နတ်”အဖြစ်ဒေသခံတို့ကိုးကွယ်ပသကြ၏။မြင်းခံငပြည့်ညအိပ်ရပ်နားရာ စစ်ကိုင်းတိုင်းဝက်လက်မြို့နယ် ငါးဘတ်ချောင်းတစ်ဘက်ကမ်းမှတောင်ကို “မြင်းလှည့်တောင်”ဟုလည်းကောင်း တစ်ဘက်ကမ်း
ရှိ ကွပ်မျက်ခံရသည့်နေရာကို “ကွပ်တော်ရာ”ဟုလည်း
ကောင်း ယခုတိုင်အမည်တွင်ခဲ့လေသည်။

ဤသည်မှာလည်း ဝေဠုဝတီမိဖုရားနှင့် သွယ်ဝိုက်ပက်သက်သောဒဏ္ဍာရီဆန်သည့် သမိုင်းမှတ်တမ်းတစ်ခုပင်တည်း။

ထို့နောက် အိမ်ရှေ့မင်းက မိမိ၏ ကျွန်ယုံတစ်ဦးဖြစ်သော ငအောင်စွာ ကိုခေါ်ယူပြီး နောင်တော်ဘုရင်အားသွားရောက်လုပ်ကြံနိုင်ပါက မရီးတော်မိဖုရားများဖြစ်သောမြောက်နန်း၊အလယ်နန်း၊တောင်နန်းတို့ အနက်မှကြိုက်ရာတစ်ပါးပါးကို ပေးမည်ဟု ကတိပြုသည်။ ငအောင်စွာလည်းသူရဲရှစ်ကျိပ်နှင့်အတူ လှော်ကားဖြင့် အပြင်းစုန်လာကာနန်းတော်သို့ဝင်၏။

မင်းယဉ်နရသိင်္ခ ရေအိမ်တော်ဝင်စဉ်အမေ့အလျော့ကို လုပ်ကြံအထမြောက်လေသည်။ နရပတိစည်သူ နန်းရသောအခါ နတ်ရွာစံဘုရင်၏ မိဖုရားသုံးပါးက ကတိအတိုင်းမပြုရန် ငိုယိုတောင်းပန်လျှောက်ထားသောကြောင့် ဘုရင်က “ငအောင်စွာငယ် ငါထားသောကတိကားမှန်၏။

သို့ရာတွင်မသင့်တော်အခြားသူကောင်းမျိုးသမီးတစ်ဦးဦးကိုပေးမည်”ဟုဆိုရာ ငအောင်စွာက “ထွီ”ဟုတံတွေးထွေးသောကြောင့် မင်းကိုမရိုသေပြုရမည်လောဟု ငအောင်စွာငယ်ကို ကွပ်မျက်ခဲ့ပြန်သည်။ဤတွင်လည်း မြန်မာ့မ်ိရိုးဖလာနတ်သမိုင်းတွင် အမှတ်
(၁၀)အာင်စွာမကြီးနတ်ဟူ၍ အပြင်၃၇မင်းနတ်စာရင်းတွင်ငအောင်စွာငယ်ကို ထည့်သွင်းခဲ့ပြန်ရာ ဝေဠုဝတီမိဖုရားနှင့်ပက်သက်၍ ကွပ်မျက်ခံရပြီး နတ်စိမ်းအဖြစ်သတ်မှတ်ခဲ့သည့် ဒဏ္ဍာရီဆန်သော သမိုင်းဖြစ်ရပ်တစ်ခုတိုးပြန်၏။

တဖန်နောင်တော်၏ အထိန်းတော်သားဖြစ်သည့်အနန္တသူရိယအမတ်ကိုလည်း သက္ကရာဇ် ၅၃၆ (ခရစ်နှစ်- ၁၂၄၇) ခုနှစ်တွင် ယုံကြည်တော်မမူ၍ သတ်စေဟု သူလက်သို့လက်အပ်ခဲ့သည်။အမတ်သည် ရဲရင့်တည်ကြည်သောနှလုံးရှိသူဖြစ်၍ သေအံ့မူးမူး၌ အလင်္ကာ၄ပိုဒ်ရေးသားကာ ဘုရင့်ထံဆက်စေသည်…

~ သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ တစ်ယောက်
သူမှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။
~ ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ မတ်ပေါင်းရံလျှက်
ပျော်စံရိပ်ငြိမ် စည်းစိမ်မကွာ မင်းချမ်းသာကား
သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့်
ရေပွက်ပမာ တစ်သက်လျာတည်း။

~ ကြင်နာသနား ငါ့အားမသတ် ယခုလွှတ်လည်း
ဝိပါက်ကြမ္မာ လူတကာတို့ ခန္ဓာခိုင်ကျည် အတည်မမြဲ
ဖောက်လှဲတတ်သည် မချွတ်စသာ သတ္တဝါတည်း။
~ ရှိခိုးကော်ရော် ပူဇော်အကျွန် ပန်ခဲ့တုံ၏။
ခိုက်ကြုံဝိဘတ် သံသာစက်၌ ကြိုက်လတ်တွင်မူ
တုံ့မယူလို စိတ်မြဲသို၍ ကြည်ညိုလွှတ်ပြန် သခင်မွန်ကို
ချန်ဘိစိစစ် အပြစ်ဖယ်ရေး ခွင့်လျှင်ပေး၏
သွေးသည်အနိစ္စာ ငါ့ခန္ဓာတည်း။ ။

သူသတ်တို့ဆက်သလာသော ဤမျက်ဖြေလင်္ကာ၄ပိုဒ်ကိုဖတ်၍ ကြမ်းတမ်းသောစိတ်ထားရှိသည့် နရပတိစည်သူမင်းလည်း စိတ်ထားနူးညံ့လာကာ “လွှတ်စေ”မိန့်တော်မူသော်ငြား သူသတ်တို့ကားလက်လွန်ပြီးဖြစ်ကြောင်းလျှောက်ထားသည်။ထိုအခါ သူသတ်တို့အားမသတ်ခင်ကမဆက်ရကောင်းလားဟုဆိုကာမျက်တော်မူပြန်၏။

သို့သော် ဤလင်္ကာကိုဖတ်ကာနောင်တကြီးစွာ ဖြစ်တော်မူသဖြင့်အမျက်ကိုချုပ်တီးကာ နောက်နောင်သတ်စေဟုအမိန့်တော်ရှိသော်လည်း တစ်လလေးသီတင်းထားကာပြန်လည်စီစစ်၍ သေတန်မှသေစေ မသေတန်သူကိုလွှတ်စေမည်ဟု မိန့်၏။အချို့ပညာရှင်များက ထိုလင်္ကာကိုပုဂံခေတ်အရေးအသားမဟုတ်မူပဲ အင်းဝခေတ်လက်ရာဖြစ်နိုင်ကြောင်း ယူဆသည်လည်းရှိ၏။

ထို့နောက် နရပတိစည်သူမင်းကြီးသည် ဝါးမှရသောဝေဠုဝတီကိုမိဖုရားကြီးအဖြစ် ဘိသိတ်သွန်းကာ နန်းသိမ်းပွဲ ခံယူတော်မူသည်။နောင်တော်၏ မိဖုရား၃ပါးဖြစ်သောတောင်ပြင်သည် အလယ်ပြင်သည် မြောက်ပြင်သည်မိဖုရားတ်ို့ကိုလည်း ဆက်လက်သိမ်းပိုက်ခဲ့သည်။ထိုအထဲမှတောင်ပြင်သည်မိဖုရားသည် အနော်ရထာ၏ သူရဲကောင်းလေးဦးဖြစ်သော ညောင်ဦးဖီး၏ သား ဖိုသူကြီးစိစ္စေး၏သမီး၅ဦးမှ အငယ်ဆုံးသမီးဖြစ်၏။

နရပတိစည်သူမင်းနှင့်သားတော်၃ပါးဖွားမြင်သည်။မိဖုရားပန်းရင်နှင့် ဥယျာဉ်သည်၏ သမီးကိုယ်လုပ်တော် မိဖုရားငယ် စောမြကန်တို့လည်းရှိသေးရာ နရပတိစည်သူမင်းကြီး၌ မိဖုရား၆ပါးရှိ၏။နောင်တော်ကို လွယ်လင့်တကူလုပ်ကြံနိုင်ခဲ့သောကြောင့် အစောင့်ကိုယ်ရံတော်များကို အတွင်းအပြင်တပ်ဖွဲ့များထားပြီး နန်းတော်ပတ်လည်တွင်လည်း တပ်အထပ်ထပ်ချထားခဲ့သည်ဟု ဆိုသည်။

နရပတိစည်သူမင်းကြီးသည် တူရွင်းတောင်တက်ရာမှအဆင်းတွင် ယခုစူဠာမဏိစေတီတည်မည့်အရပ် ချောက်ကမ်းပါးတွင်းမှ ပတ္တမြားကဲ့သို့အရောင်တောက်ပသည်ကိုတွေ့ရသည်။ထို့ကြောင့် ထိုချောက်ကမ်းပါးနေရာအားမှတ်သားကာ ကောင်းမှု့ဖြစ်စေလိုသောနိမိတ်ဟု ယူဆသဖြင့် ပြည်သူအပေါင်းအား ထိုချောက်ကမ် းပါးအားမြေဖို့စေသည်။

ထိုအခါ စာရိတ္တသီလနှင့်ပြည့်စုံတော်မူသောပံ့သကူငစွယ်ရှင်မထေရ်သည် ပြည်သူများဆင်းရဲပင်ပမ်းစွာ နေပူထဲတွင်မြေသယ်ဖို့နေရသည်ကိုမြင်လျှင် မင်းကြီးထံသို့ဝင်၍ “မင်းကြီးကောင်းမှု့ဖြစ်စေလိုသော ယခုအမှု့သည် ကောင်းမှု့ထက်မကောင်းမှု့သာများ၏။”မိန့်တော်မူ၍ မင်းကြီးလှူ နေကျဖြစ်သော ဆွမ်းကိုမခံယူပဲ နေလေသည်။

ဘုရင်ကလည်း “တပည့်တော် ဆွမ်းကိုဘုန်းပေးတော်မမူလျှင် ဤပြည်၌ မနေတော်မူမှသာ လွတ်ချေမည်ပြည်သူတို့လှူ သောဆွမ်းသည်လည်း တပည့်တော်၏ဆွမ်းပင်မဟုတ်တုံလော”ဟု သက်ဦးဆံပိုင် ပဒေသရာဇ်ဘုရင်ပီပီလျှောက်ထား၏။

ထိုအခါ မထေရ်မြတ်လည်း သီဟိုဠ်ကျွန်သို့ကူးရန်ကြံစည်လျှက် စွယ်ကြိုအရပ်တောအတွင်းဝယ် သီတင်းသုံးနေတော်မူ၏။ဤသို့ပံ့သကူမထေရ် ထွက်သွားခဲ့လျှင်သရပါတံခါးဝယ်စောင့်သော ဘီလူးက မင်းကြီးထွက်တော်မူသောအခါ မလွှဲဖယ်ပဲ တံခါးထက်မှကားရားရပ်ကာပိတ်ဆို့နေလေသည်။မင်းကြီးလည်း ဟူးရားဖြူ ဟူးရားညိုတို့ကိုခေါ်ယူ ဆေးဝါးမန္တာန်အတတ်ဖြင့်ပျြုစေသော်လည်း ဘီလူးမလွှဲဖယ်သဖြင့်မေးလေရာ “သခင်မြတ်
ပံ့သကူမထေရ် အားမင်းကြီးမသင့်တင့်မိန့်သဖြင့် ကြသွားလေသောကြောင့် မလွှဲဖယ်နေကြောင်း”လျှောက်တင်သည်။

မင်းကြီးလည်း အမတ်တို့ကို အကြိမ်ကြိမ်စေလွှတ်ကာ မထေရ်အားပင့်စေသော်လည်းလာတော်မမူပဲ”သိန်းခိုကျွန်း(သီဟိုဠ်)သို့ကူးမည်”ဟုကြွတော်မူသည်။ထို့ကြောင့်ပညာရှိတုရင်္ဂပစ္စည်းအမတ်အားခေါ်ယူ၍ သခင်မြတ်ကိုပါအောင်ပင့်စေဟု စေတော်မူသည်။တုရင်္ဂပစ္စည်းအမတ်က လှေဦး၌ ဘုရားရှင်၏ရွှေသားအတိရုပ်ပွားတော်တင်ဆောင်ကာ သခင်မြတ်ခရီးဆက်တော်
မူမည့် သင်္ဘောဆိပ်သို့သွား၏။

ပံ့သကူမထေရ်သခင်မြတ်ကိုတွေ့လျှင် အမတ်ကြီးက “သဗ္ဗညု ဘုရားရှင်ဤဆိပ်သို့ရောက်တော်မူသည် သခင်မြတ်အားအဖူးမြင်လာတော်မူပါ”ဟု တင်လျှောက်သည်။မထေရ်လည်း ဘုရားဆင်းတုတော်ကို ရိုသေသောအားဖြင့် လှေထက်သို့တက်ကာ ဖူးမျှော်စဉ် လှေတော်အားအပြင်းလှောခတ်စေပြီးအမတ်ကြီးက အထူးထူးတောင်းပန်ကာ သာသနာတော်ကိုချီးမြှောက်တော်မူပါရန် ပန်ကြားတောင်းပန်သဖြင့်လိုက်တော်မူလေသည်။ ထိုအခါမှ သရပါတံခါးစောင့်ဘီလူးလည်း လွှဲဖယ်ပေးလေသည်။

မင်းကြီးလည်းသခင်မြတ်အား လှေဆိပ်သို့ကိုယ်တိုင်သွားရောက်ပင့်ဆောင်ကြိုဆိုကာ နန်းထက်ပင့်၍ဆွမ်းလုပ်ကျွေးတော်မူသည်။ လမ်း၌ ဘီလူးသည် သခင်မြတ်အား တံခါးမှဆင်း၍ ဦးချကန်တော့၏။မင်းကြီးလည်းပံ့သကူမထေရ်အား ယနေ့မှစ၍ သခင်မြတ်၏အဆုံးအမကိုနာယူပါတော့မည်ဟု ကတိပြုရလေသည်။ထို့နောက်သားတော်များဖြစ်သော ဇေယျသူရ ဇေယျသိင်္ခ ရာဇသူဂင်္ဂသူ ပျံ ချီ တို့ ၅ပါးကိုလှူတော်မူ၏။

မထေရ်မြတ်အပြန်တွင်သားတော်ငါးပါးလုံးလိုက်ပါလျှက် လမ်းခရီး၌ မြေပြင်အား အဝန်း ၅ကွက် သားလျှက် မင်းသားတို့အားပြသကာ ပြန်စေသည်။မင်းကြီးအား ပြန်လာသောသား
တော်တို့က တင်လျှောက်သော် သားတော်တို့ကိုကောင်းမှု့ပြုစေလို၍ ညွှန်ပြသည်ဖြစ်ရာ စကြိုဘုရားလှ၊မြေပုံသာဘုရားလှ ကန်စွန်းအိုဘုရားလှ သိကြားတောင်ဘုရားလှ ချောက်ဘုရားလှ ဟူသောဘုရားလှငါးဆူအားတည်တော်မူခဲ့ရာ ပုဂံ၌ ယခုတိုင်ဖူးမျှော်နိုင်ပါသည်။

နရပတိစည်သူမင်းကြီးကောင်းမှု့တော်အဖြစ် စူဠာမဏိ၊ဂေါဓော
ပလ္လင်(ကန်တော့ပလ္လင်)နှင့် ဓမ္မရာဇိက ဘုရားကြီးတို့ကိုပုဂံဒေသ၌တည်ထားခဲ့သည့်အပြင် ရွှေဘို သရက် မုံရွာ ကျောက်ဆည် မြိတ်တို့တွင်လည်း ထင်ရှားသောဘုရားများကိုတည်တော်မူခဲ့သည်။အခွန်အတုတ်တို့ကိုစာရင်းကျနစွာထားရှိစေပြီး တိုင်းခန်းလှည့်လည်၍ ကန်ချောင်း ဆည်မြောင်းများပြုစုခြင်း။စာပေကျမ်းဂန်မျာနှင့်သာသနာပြန့်ပွားစေရေးတို့ကို အားစိုက်လုံ့လပြုခဲ့သည်။

မင်းညီအကိုနှစ်ပါးအား ဖမ်းစားနိုင်ခဲ့သော ဝေဠုဝတီမိဖုရား၏ အလှကြောင့် တစ်အူတုံဆင်းညီရင်းအကိုပင်ဖြစ်လင့်ကစား ဥပါယ်တမျှဉ် နှင့် အထင်မှားမှု့များမှ နန်းလုသည်အထိ ဖြစ်ရုံမျှမက သွယ်ဝိုက်ပက်သက်ခဲ့ကြသူများလည်း ဤအမှု့တွင် ကွပ်မျက်သုတ်သင်ခံခဲ့ရသည်။

ဝေဠုဝတီ၏ ဘဝမှာလည်း မင်းတို့၏မိဖုရားဖြစ်ရသော်ငြား
မိမိအလိုတူသည်ဖြစ်စေ မတူသည်ဖြစ်စေ နီးရာဓါးကြောက်
ရသည့် သဘာဝအတိုင်း မငြင်းသာမရှောင်သာ မိန်းမသား
ဘဝအဖြစ်သနစ်များတွင် ခေါင်းခဲစရာရပ်တည်ခဲ့ရသည်။
နရပတိစည်သူမင်းကြီးနှင့် ဝေဠုဝတီမိဖုရတို့မှ သားတော်
ဇေယျသူရကိုဖွားမြင်ခဲ့ပြီး အမြင့်နှင့်တလုပ်မြို့များကိုစား
ရသော မြို့စားအရာရရှိခဲ့သည်။

ညောင်ဦးမြို့အရှေ့ဘက် ချောက်ဖလအရပ် ဧရာဝတီမြစ်ကမ်း နတ်သမီးကမ်းပါးတောင်အထွတ်တွင် သရီရဓါတ်တော်များကိုဌာပနာထားသော ရွှေသပိတ်ဂူဘုရားမှာ နရပတိစည်သူမင်းကြီး၏ ကြင်ယာတော်ဝေဠု ဝတီမိဖုရားကြီး၏ ကောင်းမှု့ဖြစ်ကြောင်းဆိုကြသည်။

ရွှေသပိတ်ဘုရားသည် ဥာဏ်တော် (၇၀)တောင် မြင့်မား
၍ အတွင်းလှိုဏ်ဝ နှင့် မျက်နှာကျတ်များတွင် ပုဂံခေတ်
နံရံဆေးရေးပန်းချီများကိုတွေ့နိုင်ပါသည်။အချို့မှာ နှောင်း
ခေတ်ကာလတွင် ဖြည့်စွက်ရေးဆွဲခဲ့ကြပုံရသည်။

စာကိုး။ ဦးကုလား”မဟာရာဇဝင်တော်ကြီး”(ပတွဲ)
အမျိုးသားပညာဝန်ဦးဖိုးကျား”ခေတ်မှီ
မြန်မာရာဇဝင် အကျဉ်း”
ပါမောက္ခဦးဖေမောင်တင်”မြန်မာစာပေ
သမိုင်း”
ဦးသန်းဆွေ(ရှေး/သု)”သမိုင်းဝင်ပုဂံစေတီ
ပုထိုးများ”
တင်နိုင်တိုး”ပုဂံအဘိဓာန်”
တင်သန်းယု”မြန်မာ့သမိုင်းမှ မဟေသီဒေဝီ
ဧကရီများ” တို့မှကောက်နှုတ်ဖော်ပြပါသည်။

Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်