ရုပ်ရှင်လောကကို ငွေတစ်ရာနဲ့ စတင်ခဲ့သူ(သို့မဟုတ်) ရုပ်ရှင်လောကရဲ့ ဖခင်တစ်ဦး

Posted by

ယနေ့ရုပ်ရှင်လောကကို တချိန်က ငွေတစ်ရာနဲ့ စခဲ့ရတယ်ဆိုရင် ယုံချင်မှယုံကြမှာပါ။ တကယ်ပဲ ငွေတစ်ရာနဲ့ စခဲ့ရတာပါ။ စတင်သူက တော့ မြန်မာပီမီသျှောင်ထုံးအမြဲ ထုံးထားတတ်သူ လန်ဒန်အတ်ဦးအုန်းမောင် ဖြစ်သည်။

ဦးအုန်းမောင်သည် သျှောင်ထုံးကြီးနှင့် ဖြစ်သော် လည်း အင်္ဂလိပ်စာတတ်သူ ၊ ပန်းချီ နှင့် ဓာတ်ပုံ အနုပညာကို ဝါသနာပါသူ ဖြစ်သည်။ ဒီ ၊ အေ ၊ အဟူဂျာ ဓာတ်ပုံတိုက်တွင် လခစားဓာတ် ပုံဆရာလုပ်ခဲ့သူ ဖြစ်သည်။ ယင်းသို့လုပ်ကိုင်ရာမှ တစ်နေ့တွင် ဦးအုန်းမောင်သည် လခစားဓာတ်ပုံဆရာဘဝကို စွန့်လွှတ်လိုက်သည်။

ယောက် ဖဖြစ်သူ ဓာတ်ပုံဆရာဦးမောင်မောင် နှင့် တွဲကာ “လန်ဒန်အတ် ဓာတ်ပုံကူးတိုက်” ကိုတည်ထောင်လိုက်သည်။ ဓာတ်ပုံလုပ်ငန်းအဝဝကို စိတ်တိုင်းကျဆောင်ရွက်သည်။ ဦးအုန်းမောင်သည် ဓာတ်ပုံ ပညာကျွမ်းကျင်သည့်အပြင် လုံ့လဝီရိယရှိသူ ၊ ပေါင်းသင်းဆက်ဆံရေးကောင်းသူ လည်းဖြစ်တာကြောင့် သူ့လုန်ငန်းသည် အောင်မြင်လေသည်။

ယင်းသို့အောင်မြင်နေသော်လည်း ဦးအုန်းမောင်ကား ရုပ်သေဓာတ်ပုံမျှနှင့် မတင်းတိမ်နိုင် ၊ ရုပ်ရှင်ရိုက်ကူးရန် စိတ်ဆန္ဒပြင်းပြနေသည်။ ထိုအချိန်တွင် မြန်မာပြည်၌ အင်္ဂလိပ် ၊ အမေရိကန် ရုပ်ရှင်ကားများပြသနေခြင်းကြောင့် မြန်မာ့ရုပ်ရှင်ကားများ ရိုက်ကူးရန် ဆန္ဒပြင်းပြနေခြင်းဖြစ်သည်။ ဦးအုန်းမောင်သည် ယင်းရုပ်ရှင်ဇာတ်ကားများကို မလွတ်တမ်းကြည့်ရှုလေ့လာသည်။

စာအုပ်စာတမ်းများလည်း ရှာဖွေဖတ်ရှုသည်။ ထို့နောက် မြန်မာ့ရုပ်ရှင်ကို စတင်ရိုက်ကူးရန် ခြေလှမ်းပြင်လိုက်လေသည်။ထိုစဉ်ဦးအုန်းမောင်သည် သုံးမရ၍ ပစ်ထားသော(မှန်ဘီလူးပင်မပါရှိသော) ရုပ်ရှင်ကင်မရာတစ်လုံးကို E.m.desouza ဆေးတိုက်မှ ဝယ်ယူရရှိလိုက်သည်။ မှန်ဘီလူးမပါ၍ မည်သို့မျှရိုက်ကူး၍ မရဖြစ်နေစဉ် Cinima De Paris ရုံပိုင်ရှင်ထံမှ ရုပ်ရှင်ရိုက်ကင် မရာ မှန်ဘီလူးတစ်ခုကို ရရှိသည်။

ဝယ်ယူထားသော ကင်မရာတွင် စွပ်ကြည့်ရာ အံကိုက်ဖြစ်နေသည်။ ဤနည်းဖြင့် တတ်မြောက်ထားသော ဓာတ်ပုံပညာနှင့် စုပေါင်းစပ်ပေါင်း ကင်မရာဟောင်းကလေးတစ်လုံးဖြင့် မြန်မာ့ရုပ်ရှင်လုပ်ငန်း တံခါးကို စတင်ဖွင့်လှစ်ခဲ့သည်။ထိုအကြောင်းကို ဦးအုန်းမောင်က“ဟိုတုန်းက လုပ်ခဲ့တာတွေ ပြန်စဉ်းစားမိတဲ့အခါ ရယ်မိပါတယ်၊ ဘာပြုလို့လဲဆိုတော့ ကင်မရာ ဆိုတာကလည်း ခုလိုဘယ်ဟုတ်မလဲ၊ ထင်းရှူးသေတ္တာငယ်ကလေးမှာ မှန်ဘီလူး တပ်ထားပြီး လှည့်လို့ရတာ တစ်ခုပဲ ရှိတယ်။

မှန်ဘီလူး ဆိုပြန်တော့လည်း ပုလင်းကွဲသာသာ ရှိတော့ လက်နဲ့ လှည့်လိုက်တိုင်းလည်း အရုပ်ထင်ချင်မျ ထင်တာဗျ၊ ဒီအထဲ ရိုက်ရတဲ့ ဖလင်ကလည်း ခုခေတ်လို မကောင်းပြန်ဆိုတော့ အင်မတန် အခက်အခဲတွေ့ပြီး အရုပ်ထင်အောင် မနည်းကြိုးစားခဲ့ရပါတယ်”ဟု ပြန်ပြောင်းပြောဆိုခဲ့သည်။ပထမဆုံး အနေနှင့် ရိုက်ကူးမည့်ကား မှာ “မေတ္တာ နှင့် သူရာ” ဖြစ်သည်။

ကားရိုက်ကူးရေးစစဉ်မှာပင် ဘိလပ်သွားကိုယ်စားလှယ်ကြီးတစ်ဦးဖြစ်သူ ဝံသာနုခေါင်းဆောင် ဦးထွန်းရှိန် ကွယ်လွန်သွားသည်။ အနယ်နယ်အရပ်ရပ်သို့ ဝံသာနုတရားများ လှည့်လည်ဟောပြောစဉ် ကွယ် လွန်သွားခြင်း ဖြစ်သည်။ ကွယ်လွန်ချိန် အသက်မှာ ၃၀ သာရှိသေးသဖြင့် တစ်တိုင်းပြည်လုံး ဝမ်းနည်းကြသည်။ ဤတွင် ဦးအုန်းမောင်သည် ဦးထွန်းရှိစျာပနကို သတင်းကားအဖြစ် ကြားဖြတ်ရိုက်ကူးသည်။

ထိုသတင်းကားကို ယခုဗိုလ်ချုပ်စျေးနေရာ၌ ရှိခဲ့ဖူးသော စီနီမာဒီပဲရစ်ရုံ၌ ပြသရာ သတင်းကားပင်ဖြစ်လင့်ကစား ပထမဆုံးမြန်မာကားဖြစ်သဖြင့် မြန်မာပရိသတ်တို့ ကြိတ်ကြိတ်တိုးအားပေးကြည့်ရှုကြသည်။

ထို့နောက် မြန်မာ့ရုပ်ရှင်သမိုင်း၏ ပထမဆုံးဇာတ်ကားဖြစ်လာမည့် မေတ္တာနှင့်သူရာ ဇာတ်ကားကို ရိုက်ကူးသည်။ ၀ထ္ထုမှာ ဆရာကြီးပီမိုးနင်း ၀ထ္ထုဖြစ်ပြီး မင်းသားမှာ ဦးဘညွန့်၏သား ရုပ်ရှင်ဝါသနာအိုး ကိုညီပု နှင့် မင်းသမီးမှာ ကြည့်မြင်တိုင်သူ မရီ ဖြစ်သည်။

ထိုကားနှင့် ပတ်သတ်၍ ဦးအုန်းမောင်က“ဇာတ်ကားကို အင်းလျားကန်စောင်းမှာ သွားရိုက်တာ ရိုက်တဲ့အခန်းက လူဆိုးတုတ်ကြီးက မင်းသမီးကို ကားနဲ့ ခိုးပြေးလို့ လိုက်ကြတာ မိရောဆိုပါတော့။

အဲလိုမိတော့ လမ်းဘေးကန်စောင်းထဲ ထွေးလုံးပြီးလိမ့်ကျကြပါရော။ တယ်ကြည့်လို့ကောင်းနေသပေါ့ဗျာ။ ကျွမ်းထိုးမှောက်ခုံ ကျလို့ ရေထဲလည်းရောက်ခါနီးရော “ဟိုးဟိုး နေကြဦး ၊ နေကြဦး ” ၊ ကြည့်လိုက်တော့ ကိုညီပုက သူရိုက်နေတဲ့ ကင်မရာက မှန်ဘီလူးရှေ့အစိုက်မှာ အပြင်ကိုထွက်ကျသွားသတဲ့ ၊ ပြန်ရိုက်ပါ ဆိုတော့ အကျိုးကိုနည်းရော ၊ ကွဲသူလည်း ကွဲ ၊ ပြဲသူလည်း ပြဲနေကြပြီ ၊ ဒီလိုအခက်အခဲမျိုးစုံကို ၂ နှစ်ကျော်ကျော် ရိုက်တော့မှပဲ အဲဒီ မေတ္တာသူရာ ဇာတ်ကားလေးပြီးခဲ့တယ်”ဟု ရင်ဖွင့်ပြော ဆိုခဲ့လေသည်။

ဒီဇာတ်ကားကို တစ်တိုင်းပြည်လုံး အုန်းအုန်းကြက်ကြက် အားပေးကြသည်။ ထိုသို့အားပေးသော်ငြား ဦးအုန်းမောင်အဖို့မှု ငွေကြေးအနေဖြင့် အမြတ်အစွန်းမရရှာပေ။ အရှုံးပင်ပေါ်ခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ ဦးအုန်းမောင်၏ ကြိုးစားမှု များစွာထိရောက်ခဲ့သည်။ ထိုမှစ၍ မြန်မာဇာတ်ကားများ တစ်ကားပြီး တစ်ကား ပိုမိုကောင်းမွန်စွာထွက်လာခဲ့သည်။

မေတ္တာနှင့် သူရာ အပြီးတွင် ကျေးတောသူ မနု ၊ ရွှေပေးလို့မရ၊ တိမ်တစ်လုံး ၊ ခင်ခင့်မှားတော်ပုံ စသည့်ဇာတ်ကားများကို ရိုက်ကူးခဲ့သည်။ ‘ခင်ခင့်မှားတော်ပုံ’ သည် ဦးအုန်းမောင် ရုပ်ရှင်ပညာစွမ်း ပြသောဇာတ်ကားဖြစ်သည်။ ကိရိယာ မစုံလင်ပဲ နှင့် နှစ်ကိုယ်ခွဲခန်းများ ပါဝင်ခဲ့သောဇာတ်ကားဖြစ်သည်။အစပိုင်း အရှုံးချည်းသာ ရင်ဆိုင်ခဲ့ရသော်လည်း အခက်အခဲများကို မာန်တင်းကျော်ဖြတ်ရင်း နောက်ပိုင်းတွင် တစ်နေ့တစ်ခြားအောင်မြင်လာခဲ့သည်။

မကြာမီပင် ရုပ်ရှင် သူဌေး “လန်ဒန်အတ် ဦးအုန်းမောင်” ဘဝ သို့ရောက်ခဲ့ပေသည်။ ထိုသို့ စီးပွားဖြစ်ထွန်းသော်လည်း ဦးအုန်းမောင်သည် ငွေကြေး ဥစ္စာ စုဆောင်းရန်ဝါသနာမပါ။ ရုပ်ရှင်လုပ်ငန်းနှင့် ပတ်သတ်၍ ထူးသမျှ ဆန်းသမျှ ပစ္စည်းများ ကိရိယာများကို နိုင်ငံခြားမှ မှာယူ အသုံးပြုလေသည်။ နိုင်ငံခြားမှ ထုတ်ဝေသမျှ ရုပ်ရှင်စာစောင် ၊ စာတမ်း ၊ စာအုပ်များကို မှာယူကြည့်ရှု့သည်။

မိမိအတွက်လည်း အကေားင်းစား စီးကရက် ၊ ရှုးဖိနပ်များကို အသုံးပြုပြီး မော်တော်ကားအသစ်ပေါ်တိုင်းလည်း လဲလှယ် စီးခဲ့သည်။ ထိုအတွင်း ကမ္ဘာစီးပွားပျက်ကယက် ဆိုက်ပြီး မြန်မာနိုင်ငံသို့ဝင်လာရာ ဦးအုန်းမောင်၏ လန်ဒန်အတ် ကုမ္ပဏီသည် အထူးထိခိုက်သည်။ ကြွေးမြီများလည်း တင်လာရာ နောက်ဆုံး စိတ်ရှုပ်မခံနိုင်တော့သည့်အခါ ကုမ္ပဏီကို အဆမတန်စျေးလျှော့ကာ ရောင်းချလိုက်ရလေတော့သည်။

ထိုမှတစ်ဖန် ဇာတ်ကားများကို ပြန်လည်ရိုက်ရာ ၁၅ ကားခန့်ရိုက်ခဲ့သော်လည်း အသက်အရွယ်ကလည်း ကြီးလာ၊ ဖိဖိစီးစီးလည်း မလုပ်နိုင်တော့သဖြင့် ယခင်ကဲ့သို့အောင်မြင်ခြင်းမရှိတော့ချေ။

ကွယ်လွန်ခါနီးတွင် ရုပ်ရှင်လုပ်ငန်းကို ကိုယ်တိုင်မလုပ်တော့ နောက်လာနောက်သား ရုပ်ရှင် ပညာရှင်များ အကူအညီတောင်းလာသည့်အခါ အမြဲကူညီခဲ့သည်။မြန်မာ့ ရုပ်ရှင်လောက၏ ဖခင်ကြီး ဦးအုန်းမောင်သည် ၁၉၆၄ ခု သြဂုတ်လ ၁၅ ရက်နေ့ ၊ အသက် ၇၃ နှစ်တွင် ကွယ်လွန်ခဲ့သည်။

ဦးအုန်းမောင်သည် ရုပ်ရှင်သူဌေး ဖြစ်ခဲ့သော်လည်း စီးပွား ရေးသမားမဟုတ်။ အနုပညာရှင် ဖြစ်သည်။ ထို့ကြောင့်လည်း ဦးအုန်းမောင်က “အမှန်ပြောရရင် ဒီရုပ်ရှင်နဲ့ ကျွန်တော်တို့ စီးပွားရှာ ချမ်းသာချင်လို့ ကြံစည်ကြိုးစားလာတာမဟုတ်ပါဘူး။

မြန်မာ့အစွမ်းကို ပြချင်လို့ စိတ်တင်းပြီး မဖြစ်ဖြစ်အောင် ဇွဲကောင်းကောင်းနဲ့ ကြိုးစားခဲ့တာပါပဲ” ဟူ၍ မကွယ်လွန်မီ ဖွင့်ဟပြောဆိုခဲ့လေသည်။

လူသည် ဆင်းရဲဒဏ်ကို ခံနိုင်သော်လည်း ချမ်းသာသည့်ဒဏ်ကို မခံနိုင်သည့်အကြောင်းကို ဦးအုန်းမောင် အမြဲပြောလေ့ရှိသည်။ ထိုစကားမှာကားနိမ့်တုန်း မကြောက်ရဘူး၊မြင့်တော့ ကြောက်ရတယ်” ဟူ၍ပင်ဖြစ်သည်။

Ref;ပထမမြန်မာများ – မင်းယုဝေ – အ မှတ်မှားဆဲ လူသိနည်း မြန်မာ့ဖြစ်ရပ် ၁၀၀ – မောင်ကြည်သန့် -မြန်မာ့စွယ်စုံကျမ်း

Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်