မြန်မာပြည်က ရှေးရိုးစွဲ အယူအဆတွေကို သိပ္ပံပညာဖြင့် ဖြေရှင်းခြင်း

Posted by

အရင်က ရှေးရိုးစွဲအယူဆတွေကို သိပ္ပံပညာက ဖြေရှင်းပေးနိုင်တယ်။ အရင်တုန်းက နားမလည်လို့ ကြောက်လို့ မရှင်းပြနိုင်လို့ အစဉ်အဆက်စွဲခဲ့တဲ့အရာတွေအပေါ် မဟုတ်ကြောင်း လက်တွေ့ပြနိုင်ရင် အကောင်းအဆိုးကို ပိုင်းခြားသိမြင်နိုင်မှုက ပိုမြင့်လာတယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ အပြုအမူကို ပြုလုပ်နိုင်မယ်။

ဥပမာ နဂါးပွက်တောင်ဆိုတာ ရွှံမီးတောင်ပါလားဆိုတာကို သိသွားရင် ဒါနဂါးတွေလုပ်နေတာမဟုတ်ဘူး သဘာဝအတိုင်းရွှံ့တွေပေါက်ထွက်နေတာပါလားဆိုတာသိမယ်။ နဂါးစာကျွေးဖို့မလိုရင် နွားနို့တွေဟာ မိဘမဲ့ကလေးကျောင်းရောက်ရင်ရောက်မှာပေါ့။ စဉ်းစားမိတာလေးတွေရေးထားတယ်။ သိပြီးသားသူတွေအတွက်တော့ ဘာမှ အသစ်ဆန်းမပါပါဘူး။

ဆင်ဖြူ – လူတွေမှာ ခရုသင်းဆိုတဲ့ရောဂါရှိသလို တိရစ္ဆာန်တွေမှာလည်းရှိတယ်။ ခရုကနေစလို့ မျိုးနွယ်စိတ်တိုင်းမှာရှိတယ်။ မယ်လနင်လို့ခေါ်တဲ့ အမည်းရောင်ထုတ်တဲ့ဓာတ် မွေးရာပါ မပါလာတာ။

လုံးဝကို မပါလာတဲ့အမျိုးစားတွေဆိုရင် အကုန်လုံးဆွတ်ဆွတ် ဖြူတယ်။ တချို့ကလည်း ကွက်ကြားပါလာတာမျိုးရှိတယ်။ မယ်လနင်က နေရောင်ကိုကာကွယ်တယ်။ မပါလာတော့ အရေပြားကင်ဆာအဖြစ်များတယ်။

နဂါးပွက်တောင် – ရွှံ့မီးတောင် (Mud volcano) လို့ခေါ်တယ်။ ချော်ရည်ထွက်တဲ့မီးတောင်အစစ်လိုတော့မဟုတ်ဘူး။ အရမ်းနက်ရှိုင်းတဲ့နေရာကနေ လာတာလည်းမဟုတ်ဘူး။

အပေါ်ယံမျက်နှာလွှာနားမှာရှိတဲ့ရေတွေက လူတွေရေတွင်းတူးသုံးကြတယ်။ အဲဒီထက်နက်ရှိုင်းတဲ့အလွှာတွေမှာရှိတဲ့ရေက အပေါ်ကိုအပူရှိန်ကြောင့်တက်လာရင်း သဲ၊ ရွှံ၊ မြေသားတွေနဲ့တဖြည်းဖြည်း လုံးထွေးလာတာကနေ အပေါ်ကိုရောက်တော့ ပူလောင်နေတဲ့ ရွှံ့တွေကိုအန်ထုတ်တယ်။ ကမ္ဘာမြေအလွှာတွေရဲ့ ဖွဲ့စည်းပုံကိုသိရင် မြေအောက်ထဲက ဘာတွေထွက်လာနိုင်တယ်ဆိုတာလည်း သိနိုင်တယ်။

နေကြတ်၊ လကြတ် – ကမ္ဘာက နေကိုပတ်တယ်။ လက ကမ္ဘာကို နေနဲ့ကမ္ဘာကြားလမ်းကြောင်းတိုလေးကနေပတ်တယ်။ လဟာ ကမ္ဘာနဲ့ နေကြားကို တည့်တည့်ကြီးရောက်တဲ့အချိန်မှာ နေကြတ်တယ်။

နေ့ဘက်ဖြစ်နေပေမယ့် နေရဲ့အစိတ်အပိုင်းတစ်ခုကိုလက ဖုံးသွားတယ်။ လနဲ့နေကြား ကမ္ဘာက တည့်တည့်ကြီးရောက်ရင် လကြတ်တယ်။ နေကိုလကဖုံးရင် နေကြတ်ပြီးတော့ နေကို ကမ္ဘာက ဖုံးရင်တော့ လကြတ်တယ်။

နေထီးဆောင်း – သက်တန့်ရဲ့ သဘောသဘာဝကို သိပြီးဖြစ်လိမ့်မယ်။ နေမှာရောင်စဉ် ၇ခုပါတယ်။ မိုးရွာပြီးတဲ့အခါ ရေမှုန်တွေလေထဲမှာကျန်နေတယ်။ အဲဒီရေမှုန်တွေကိုနေရောင်ထိုးတော့ ရောင်စဉ် ၇ ခုနဲ့ သက်တန့်ဖြစ်တယ်။

နေထီးဆောင်းတာလည်း ဒီသဘောပဲ။ ကောင်းကင်အမြင့်ပေ ၂သောင်းလောက်မှာရှိတဲ့ တိမ်တိုက်မှာ သေးငယ်ပြီးကြည်လင်တဲ့ရေခဲမှုန်လေးတွေဖြစ်တယ်။ အဲဒါကိုဖြတ်ပြီးနေရောင်က အောက်ဆင်းလာတော့ အလင်းက ဘေးပတ်လည်ကိုဖျာထွက်သွားပြီး ကွင်းလေးလိုဖြစ်နေတယ်။ နေထီးဆောင်းတာကျတော့ အဲဒီတိမ်တိုက်ပတ်ဝန်းကျင်လောက်ကပဲမြင်နိုင်တယ်။ တစ်နေရာတည်းကပဲ ကြည့်လို့ရတယ်။

လူရေပေါ် ပေါ်ခြင်း – တချို့ဟာတွေမှာ ရေပေါ်ပေါ်လို့ တန်ခိုးရှိတယ်ဆိုပြီး အထူးဆန်းဖြစ်နေကြတာတွေ့လိမ့်မယ်။ ရေမကူးတတ်ပေမယ့်လည်း လူရေပေါ်ပေါ်နေနိုင်ဖို့အတွက် ဆားထုပ်ကြီးကြီးပဲလိုတယ်။

ပင်လယ်သေ (Dead sea) ဆိုတဲ့နေရာရှိတယ်။ တကယ့်ပင်လယ်အစစ်မဟုတ်ဘူး။ ဆားရေအိုင်ဖြစ်နေတာ။ ပင်လယ်သေမှာရှိတဲ့ ဆားရေပျော်ဝင်မှုဟာ အရမ်းများတဲ့အတွက် တခြားပင်လယ်တွေထက်ပိုငန်တယ်။ ပက်လက်နေရင် လူရေပေါ်မှာပေါ်နေလို့ရတယ်။

ရိုးရိုးရေမှာတောင် ရေကူးတတ်တဲ့သူတစ်ဦးက ပက်လက်နေရင် လှုပ်ရှားစရာမလိုဘဲ ရေပေါ်ပေါ်နိုင်တယ်။ အဲဒီရေထဲကို ဆားများများထည့်ရင် ဆားပျော်ဝင်မှုများပြီး ရေက ပျစ်လာတာကြောင့် လူခန္ဓာကိုယ်ကို မမြုပ်အောင်ထိန်းထားနိုင်တယ်။

ရေပူစမ်း – နှစ်မျိုးရှိတယ်။ မီးတောင်အရှင်နားက ရေပူစမ်းတွေက ချော်ရည်နဲ့အနီးကပ်ထိတွေ့နိုင်လို့ အရမ်းပူတယ်။ ရေဆင်းချိုးရင် သေသွားနိုင်လောက်အောင်ပူတယ်။ နောက်တစ်မျိုးက မီးတောင်အနားမှာမဟုတ်ဘူး။

မြေလွှာအောက်က ကျောက်တုံးတွေက နက်ရှိုင်းလေ ဖိအားပိုများလေဆိုတော့ မီးဖုတ်ထားသလို ပူလောင်နေတယ်။ မြေအောက်ရေက အဲဒီနားထိရောက်နိုင်တယ်ဆိုရင် ကျောက်တုံးတွေနဲ့ထိတွေ့ပြီး ရေတွေက ပူလာတယ်။ ရေလမ်းကြောင်းအပေါ်ကိုရောက်တဲ့အခါ ရေပူစမ်းတွေဖြစ်လာတယ်။

ဒါက သဘာဝအလျောက်ဖြစ်နေတဲ့အရာတွေအကြောင်းပါ။ တခြားရော ဘာသိချင်သေးလဲ။ ဖြေရှင်းကြည့်ရအောင်။

ရေးသားသူ – ဒေါက်တာသူရိန်လှိုင်ဝင်း

crd,လေးစားစွာဖြင့်