“စစ်ရေးအရ ဗျူဟာကျကျ တည်ဆောက်ထားတဲ့ မြန်မာတို့၏ကုန်းဘောင်ခေတ်က ကွေ့ချောင်းခံတပ်ကြီး အကြောင်း”

Posted by

မြန်မာသက္ကရာဇ် ၁၂၂၂ ခုနှစ်၊ ခရစ်နှစ် ၁၈၆၀ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တဲ့ ဒီခံတပ်ကြီးဟာ သုံးနှစ် လောက်ကြာအောင် တည်ဆောက်ခဲ့ရပါတယ်။ ကွေ့ချောင်းခံတပ်ကြီးရဲ့ တည်နေရာကတော့ မကွေးမြို့မှ ၁၂ မိုင်ခန့်အကွာမှာ တည်ရှိသလို ဧရာဝတီမြစ်ကြီး၏ အရှေ့ဘက်ကမ်းမှာ တည်ရှိပါတယ်။

ကွေ့ချောင်းခံတပ်လို့အမည်ရှိပြီး ဧရာဝတီမြစ်အကွေ့တစ်ခုကနေ ကွေ့ဝင်လာရင် ဒီခံတပ်ကြီးကို ရုတ်တရက် ဘွားကနဲ ထိပ်တိုက်တွေ့ကြရမှာဖြစ်ပါတယ်။

ဒီလိုနေရာကို မြန်မာဘုရင်တွေဗျူဟာကျကျ ရွေးချယ်ထားခဲ့ပုံလည်းရပါတယ်။ တကယ်လည်းဗျူဟာကျခဲ့လို့ အကြိမ်ပေါင်းများစွာ အင်္ဂလိပ်ရဲ့ ရေတပ်သင်္ဘောတွေ ဒီနေရာကနေ အင်္ဂလိပ်မြန်မာစစ်ပွဲတိုင်း ကျော်ဖြတ်ဖို့ ခက်ခဲခဲ့ကြောင်း စာပေမှတ်တမ်းများမှာ တွေ့ရှိရပါတယ်။

ဒီခံတပ်ကို ကျော်ဖြတ်နိုင်ခဲ့တာတောင် ဒီနေရာနဲ့ ဓားလွယ်ခုတ် ဧရာဝတီမြစ်ရဲ့အနောက်ဖက်ကမ်းမှာ မင်းလှ ခံတပ်က စီးကြိုနေမှာဖြစ်ပါတယ် မင်းလှခံတပ်က ယခုကွေ့ချောင်းခံတပ်လောက်တော့မကြီးပါဘူး ဗျူဟာအရ ဒီခံတပ်ကနေ လွတ်ထွက်သွားတဲ့ ရန်သူ့သင်္ဘောတွေကို မင်းလှခံတပ်က နစ်မြုပ်ပစ်မှာဖြစ်ပါတယ်။

ကွေ့ချောင်းခံတပ်ကြီးကတော့ အတော်လေးကြီးမားတဲ့အတွက် စတင်တည်ဆောက်တဲ့အခါ မင်းလှခံတပ်ထက် တစ်နှစ်စောပြီးတည်ဆောက်ခဲ့တယ်လို့သိရပါတယ်။

ဖွဲ့စည်းပုံအရ ကွေ့ချောင်းခံတပ်ကြီးဟာ ရာနဲ့ချီတဲ့ စစ်ဗိုလ်စစ်သားတွေ နေခဲ့ပုံရပြီး ရာထူးကြီးကြီး ဗိုလ်ချုပ်အဆင့်လောက်ကအုပ်ချုပ်ခဲ့မယ်ထင်ပါတယ်၊ ဘာဖြစ် လို့လည်းဆိုရင် ကွေ့ချောင်းခံတပ်ကြီးမှာ တိုက်ဆင်တွေထားတဲ့နေရာကို ယနေ့ခေတ် လှိုဏ်ခေါင်းဖောက်ထား သလို တည်ဆောက်ထားပြီး ဆင်အကောင်ရေအတော်များများဒီအတွင်းမှာ ထည့်ထားနိုင်အောင်စီစဉ်ထားပုံက တပ်မကြီးတစ်ခုအသွင် အဆင်အရင်ရှိနေလို့ပါပဲ။

ဆင်တွေအတွက် ထားသိုတဲ့နေရာမှာ လှိုက်ဏ်ပေါက်ရဲ့မျက်နှာကျက်တိုင်းမှာ အလင်းပေါက်တွေ ဖေါက်လုပ် ထားပြီး လေဝင်လေထွက်ကောင်းအောင်လည်းစီစဉ်ထားကြောင်းတွေ့ရပါတယ်။

ထူးခြားတဲ့အနေနဲ့ ဆင်တွေထားသိုတဲ့ လှိုဏ်အတွင်းဘက်နံရံအတွင် ဝင်ပေါက် တစ်ပေါက်တွေ့ရှိရပါတယ်၊ ဒီဝင်ပေါက်က နေအတွင်းကို ၁၅ပေလောက်ဝင်ရောက်ပြီးရင် မှောင်မှောင်မဲနေတဲ့အခန်းကျယ်တစ်ခုဆီ ရောက်ပါလိမ့်မယ်၊

အဲ့ဒီအခန်းကျယ်ရဲ့အပြင်ဘက်မှာလည်း လူတစ်ယောက်လမ်းလျောက်နိုင်အောင်ပါတ်လမ်း တစ်ခုကို ထည့်သွင်းတည်ဆောက်ထားပုံက အတော်လေး အစီစဉ်ကျလှပါတယ်၊ ဒီအခန်းအကျယ်ဟာ ပျမ်းမျှ ၂၅ ပေပတ်လည်လောက်ရှိပြီး တံခါးပိတ်ဖို့ နံရံမှာ သံကွင်းတွေယခုထိရှိနေပါသေးတယ်။ အတော်လေးလှို့လှို့ ဝှက်ဝှက်လုပ်ထားလို့ မေးကြည့်တဲ့အခါ ယမ်းတိုက်လို့သိရပါတယ်။

ဒီဒေသဟာ နွေဆို ရာသီဥတုကသိပ်ကိုပူပြင်းတတ်လို့ ဒီလို လက်နက်ခဲယမ်းသိမ်းဖို့နေရာကို အပူအအေး ထိန်းနိုင်တဲ့ ပုံစံနဲ့တည်ဆောက်ထားခဲ့သလားလို့လည်းတွေးမိပါတယ် ရှေးခေတ်က အမြောက်ပစ်တဲ့အခါ ယမ်းမှုန့်ထောင်းကြရတယ်မဟုတ်လား ဒါကြောင့် ယမ်းတွေသိုလှောင်ဖို့ ပူတဲ့ဒေသမှာ အေးတဲ့နေရာ ဖန်တီးယူရပြီး လုံခြုံရေးရှုတောင့်အတွက်လည်း ပြည့်စုံရအောင်စီစဉ်ခဲ့ကြပုံရပါတယ်။

ဒီလိုယမ်းတိုက်အခန်းမျိုး နှစ်နေရာတွေ့ရပြီး အခန်းတည် ဆောက်ပုံက တူညီပေမယ့်ထားတဲ့တည်နေရာ တွေမတူပါဘူး နောက်တစ်နေရာက ပိုလို့တောင်လှို့ဝှက်ပါသေးတယ်။

ဒီနေရာကတော့ အရာရှိနဲ့စစ်သည်များနေတဲ့ ရုံးခန်းနဲ့ အခန်းတွေ ၊အစည်းဝေးခန်းလိုခန်းမတွေကို အကွေ့ အကောက် ဖြတ်သန်းပြီးနောက် မြေအနိမ့်ဖက် ချောင်ကျကျမှောင်မှောင်မဲမဲအခန်းကျယ်တစ်ခုဖြစ်ပါတယ်၊ စဉ်းစားကြည့်ရင်ဒီအခန်းရောက်ဖို့ရာ အခန်းတွေအတော်ဖြတ်သန်းပြီးမှရောက်နိုင်လို့ လုံခြုံရေးပိုမြင့်ထားတဲ့ အသွင်ရှိပါတယ်။

အရာရှိကြီးအခန်းလို့ ပြောတဲ့အခါ တံခါးပေါက်နဲ့တည့်တည့်မှာ ရုံးခန်းရှိပြီး အပေါက်ဝကိုအရာရှိကြီးအခန်းကနေ ဘယ်သူဝင်လာတယ်ဆိုတာကို မြင်နိုင်အောင် အခန်းကန့်ထားတဲ့နံရံနေရာမှာ တစ်ပေနီးပါးရှိတဲ့အပေါက်အဝိုင်း ကြီးကို ဖေါက်ထားပါသေးတယ်၊ အရာရှိကြီးအခန်းကတော့ အလုံပိတ်ဖြစ်ပြီးသူ့အခန်းကနေ နောက်တစ်ခန်းကို ကူးလို့မရပါဘူး ဝင်လာတဲ့လမ်းအတိုင်းပဲပြန်ထွက် ရုံးခန်းရောက် ရုံးခန်းကနေ အပေါက်အတိုင်းပြန်ထွက်မှ နောက်တစ်ခန်းကိုကူးနိုင်ပါတယ်။

ကွေ့ချောင်းခံတပ်ကြီးက သုံးထပ်သဘောမျိုးတည်ဆောက်ထားပြီး ဧရာဝတီမြစ်ဘက်အခြမ်းမှာ အမြောက်တွေ ချပစ်တဲ့ ပစ်စင်ကွန်ကရစ်ခုံကြီးတွေ တွေ့ရပါတယ်။ အဲ့ဒီပစ်စင်ရဲ့အနောက်ဘက် အပေါ်ပိုင်းမှာ အမိန့်ပေးတဲ့ အရာရှိတက်နေရာယူဖို့ စင်မြင့်သဘောမျိုး ပန္နက်အုတ်ခုံတစ်ခုကိုတွေ့ရတယ် ယခုတော့အပင်ကြီးတစ်ပင်က အရိပ်ကောင်းကောင်းနဲ့ပေါက်နေပြီး အပင်အောက်မှာ ခံတပ်ကြီးကိုလာရောက်လေ့လာကြသူတွေ နားနေကြ တာတွေ့ရပါတယ်။

ဒီနေရာကနေဆင်းလိုက်ရင် ခံတပ်ရဲ့ အမြင့်ဆုံးအပိုင်း မြေကွက်လပ်ကွင်းပြင်ကိုတွေ့ရပြီး ဒေသခံတွေကတော့ ဒီနေရာက စစ်မြူတဲ့နေရာလို့ပြောကြပါတယ်၊ ဖြစ်နိုင်ခြေကတော့ ဒီနေရာက ခံတပ်ကြီးရဲ့အပေါ်ဆုံးအပိုင်း အောက်မှာတည်ဆောက်ထားတာတွေကို သဘာဝမြေကုန်းပုံစံဖော်ဆောင်ထားပြီး စစ်ရေးပြရာကွင်းပြင်၊ စစ်သားတွေ တန်းစီ၊ လူစစ်၊ အမိန့်ညွှန်ကြားစသဖြင့်ပြုလုပ်ရတဲ့နေရာဖြစ်မယ်လို့ယူဆပါတယ်။

ဒီနေရာကိုရောက်ဖို့ ခံတပ်ကြီးရဲ့ အောက်ဆုံးထပ်ကနေ တစ်ဖက်တစ်ချက်မှာ အုတ်လှေခါးတွေကို အတက်ရမ ခက်အောင်ခပ်ပြေပြေတည်ဆောက်ထားပါတယ် ဒီအုတ်လှေခါးတွေခပ်ပြေပြေတည်ဆောက်မှ ယမ်းတိုက်က နေ ဒုတိယဆင့်အမြောက်ပစ်စင်ပေါ်ကို ခဲယမ်းမီးကျောက်သယ်ဖို့ရာ လွယ်ကူမယ်လို့ထင်ပါတယ်။

အပေါ်ကိုတက်ရောက်တဲ့ လှေခါးတွေဟာ ခံတပ်ရဲ့ အောက်ဆုံးအဆောက်အုံအခန်းဖွဲ့ပန္နက်များနဲ့ အပြိုင် တွေ့ရပြီး အခန်းဖွဲ့အုတ်နံရံတိုင်းမှာ သစ်သားထိုးတန်းများအတွက် အပေါက်ကြီးတွေဖေါက်လုပ်ထားပါတယ် ဒီထိုးတန်းအပေါက်တွေဟာ တစ်ပေနီးပါးရှိလို့သစ်သားဆင့်ထိုးတန်း ထုတ်တန်းများဟာ အတော်လေးကြီးမား ကြမယ်ထင်ပါတယ်။ စစ်သားများကို အထပ်နှစ်ထပ်တည်ဆောက်ပြီးထားပုံလည်းရပါတယ်။

သောက်သုံးရေအတွက် ခံတပ်ရဲ့အောက်ဆုံးဟောခန်းလိုအခန်းကျယ်ကြီးထဲမှာ ရေတွင်းငယ်နှစ်တွင်းရှိပြီး အနက်က ပေ ၇၀ ကျော်တယ်လို့သိရပါတယ်၊ အောင်ဖက်မှာတော့ ဒီတွင်းနှစ်ခုကို ဆက်သွယ်ထားတဲ့ ရေကန်ရှိတယ်လို့သိရပါတယ်။

ဒီရေတွင်းနှစ်တွင်းဟာ စစ်သားတွေရဲ့သောက်သုံးရေဖြစ်နိုင်ပြီး စစ်သားနဲ့ ဆင်မြင်းတွေ ရေချိုးနိုင်ဖို့ကတော့ ဧရာဝတီမြစ်ကြီးကိုပဲအသုံးပြုခဲ့ကြမယ်ထင်ပါတယ်။

ခံတပ်ကြီးဟာ ဆင်တွေနဲ့ စစ်သားတွေနေဖို့ လှိုဏ်နံရံတစ်လျောက်ခြားနားထားပြီး ဆင်ထားတဲ့ လှိုဏ်ကနေ အမြောက်ပစ်စင်နဲ့ စစ်သည်တွေနေရာအခန်းတွေဆီ ခံတပ်ကြီးရဲ့ဘေးဘက်အစွန်ကနေ ဆက်သွယ်ထားပါ တယ်။

ခံတပ်ရဲ့ အောက်ဆုံးပန္နက်တံတိုင်းတစ်လျောက် သေနတ်ပစ်ရန်အပေါက်ငယ်များဖေါက်လုပ်ထားပါတယ်။

ဒီခံတပ်ကြီးဟာ အင်္ဂလိပ်ရေတပ်စစ်သင်္ဘေဘာ ၁၄စီးလောက်ကိုပစ်ခတ်နစ်မြုပ်ခဲ့တယ်လို့ဆိုပါတယ်၊ ၆ စီး လောက်ကိုပြန်လည်ဆယ်ယူပြီးစီးခဲ့ပြီလို့လည်းသိရပါတယ်။

အင်မတန်မှ တည်ဆောက်ပုံလက်ရာကောင်းတဲ့ ကုန်းဘောင် ခေတ်မြန်မာ့ဘုရင်တွေရဲ့ခံတပ်ကြီးတစ်ခုဖြစ်ခဲ့ပြီး ဒီခံတပ်ကိုသွားရောက်လည်ပတ်ရာမှာ အဆင်ပြေကောင်းမွန်တဲ့ လမ်းနဲ့ ဧည့်သည်တွေအတွက် နားနေရာ ခံ တပ်ကြီးရဲ့ ခပ်လှမ်းလှမ်းမှာ သူ့ရဲ့ မူလရှုခင်းလည်းမပျက်စေတဲ့ Base camp တစ်ခုလိုအပ်လှပါတယ်

ဒီbase camp ကနေ ဧည့်သည်တွေအတွက် လက်ဆောင်ပစ္စည်း၊အအေးဆိုင်၊နားနေဆောင်၊အိမ်သာအစရှိတဲ့ ဒေသခံ အခွင့်အလမ်းအတွက် စီးပွားရှာနိုင်အောင်လည်းစီစဉ်ပေးရင် ယခုလို ခံတပ်ကြီးအတွင်းမှာ အစားအသောက်စား တာ၊ အပေါ့အလေးသွားတာတွေ လျော့ကျသွားမှာဖြစ်ပါတယ်။

ဥရောပမှာဆိုရင်ဒီလို ခံတပ်ကြီးမျိုးတစ်ခုထဲကို ကမ္ဘာ့အမွေအနှစ်အဖြစ်လျောက်ထားပြီး၊သတ်မှတ်ခံခဲ့ရတဲ့ site တွေလည်းများစွာရှိပါတယ်။

ရှေးမြန်မာတို့ရဲ့ စစ်နည်းဗျူဟာ၊ ဆင်တပ်၊မြင်းတပ်၊စစ်အမိန့်ပေးသံ၊စစ်ခရာသံများ၊ တိုက်ပွဲခေါ်သံ၊ အမြောက် သံ၊ စစ်ချီသံတွေဟာ ဒီကွေ့ချောင်းခံတပ်ကြီးကို ရောက်ရှိလေ့လာရတဲ့သူအဖို့ နားထဲမှာ ပြန်လည်ကြား ယောင်နေမိမှာအမှန်ပဲဖြစ်ပါတယ်။

Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်