ပင်းတယမြို့ ရှေးသမိုင်းကြောင်းနှင့် ပုန်းတလုတ်ကန် သမိုင်း

ပုန်းတလုတ်ရေကန်ကတော့ ရွှေဥမင်လိုဏ်ဂူနဲ့ အနီးနားမှာတည်ရှိပြီး ပင်းတယမြို့လည်မှာတည်ရှိပါတယ်။ ကန်ရေပြင်က အစိမ်းရာင်သန်းနေပြီး ၈၁ ဒဿမ ၁၂ ဧက ကျယ်ဝန်းပါတယ်။

ပင်းတယမြို့ ရှေးသမိုင်းကြောင်း

ကုမ္မာဘယ၊ ရှင်မိယာ

ပင်းတယ သမိုင်းကြောင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် တစ်ခါက ဗာရာပြည်ကြီးမှာ ဗာရာမင်းကြီးစိုးစံစဉ် မင်းကြီးမှာ လွန်စွာရုပ်ဆင်းအင်္ဂါ ချောမောလှပသော ကုမ္မာဘယမင်းသား သားတော်တစ်ပါး ရှိပါတယ်။

(ဗာရာပြည်ကြီးသည် ညောင်ရွှေမြို့ဟု ဆိုလိုခြင်းဖြစ်) ကုမ္မာဘယမင်းသားသည် မင်းသားတို့ တတ်အပ်သော ဓားခုတ်၊ လှံထိုး၊ ဆင်စီး၊ မြင်းစီးတို့ကို တတ်မြောက်လေ၏။ အထူးသဖြင့် လေး၊ မြားအတတ်တွင် တစ်ဖက်ကမ်း ခတ်တတ်မြောက်တဲ့အတွက် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်နေပါတယ်။

အဲဒီသားတော်ကို အချိန်မလွန်ခင် အိမ်ထောင်ပြုဖို့ သုံးကြိမ်တိုင် နားချသော်လည်း စိတ်မဝင်စားတာကြောင့် သားတော်ဖြစ်သူလည်း ဖခင်ဖြစ်သူ သုံးကြိမ်မြောက် မပြောခင်မှာ သထုံပြည့်ရှင်မင်းကြီး၏ သမီးတော်ဖြစ်သူကို သွားရောက် ကြည့်ရှုနိုင်ရန်အတွက် သွားရောက်ခဲ့ပါတယ်။

သထုံပြည့်ရှင်မင်းကြီးထံ အရောက်မှာ အမှုတော်ထမ်းဖို့ တောင်းပန်ပြီး တာဝန်ထမ်းဆောင်နေစဉ် မင်းကြီးက ရုပ်ဆင်းအင်္ဂါ ပြည့်စုံတဲ့ မင်းသားဖြစ်သူကို ရိပ်မိပြီး အမှန်အတိုင်း လျှောက်တင်စေကာ သမီးတော်နဲ့ ထိမ်းမြား လက်ထပ်စေပါတယ်။

အချိန်ကာလကြာလာတော့ သထုံမင်းသမီး နဲ့ သားတော်တစ်ပါး ရရှိချိန်မှာ ကုမ္မာဘယမင်းသား နေပြည်တော်ကို လွမ်းတဲ့အတွက် အိမ်ပြန်ဖို့ရာ မင်းသမီးထံ ခွင့်ပန်ပြီး ပြန်လာခဲ့တယ်။ လမ်းခုလတ်မှာ နဂါးပတ်တောင်ကို ရောက်ပြီး တောင်ပေါ်မှာ အကျင့်သီလပြည့်စုံတဲ့ ရဟန်းတစ်ပါး သီတင်းသုံးကာ နဂါးတစ်ကောင်ကလည်း မည်သူ့မှ မကြောက်ဘဲ ရဲဝံ့စွာနေနေပါတယ်။

အဲ့ဒီတုန်းက ဒီဒေသဟာ တောအလွန်ခေါင်ပြီး သားရဲတိရစ္ဆာန်တွေဟာရေရှားတဲ့ဒေသဖြစ်တဲ့အတွက် သေကြေပျက်စီးနေတာကို နဂါးပတ်တောင်ကနဂါးမင်းကမကြည့်ရက်လို့ ပင်လယ်သမုဒ္ဒရာရေကို သူရဲ့ခံတွင်းထဲငုံပြီး အခုလက်ရှိပုန်းတလုတ်ရေကန်မှာသွန်ချခဲ့ပြီး သတ္တဝါတွေရေကန်ကို မဖျက်စီးအောင် အဓိဌာန်ပြုခဲ့ပါသတဲ့။

ငါသည်ဤပုန်းတလုတ်ရေကန်အားသတ္တဝါအများ၏ ချမ်းသာစွာနေထိုင်ရေးအတွက် အလွန်ဝေးကွာလှသောအရပ်ဒေသမှ ပင်လယ်သမုဒ္ဒရာရေကို ငါ၏နှုတ်တော်ဖြင့်သယ်ဆောင်၍ ရေကန်အဖြစ်ဖန်ဆင်းပေးခဲ့သည်။

ဤမှန်သောသစ္စာစကားကြောင့် ဤကန်၌ငါးဖမ်းခြင်း၊လှေလှော်ခြင်း၊ ဖောင်စီးခြင်း၊ တံတားထိုးခြင်းပြုလုပ်ပါက ရေများခမ်းခြောက်ပါစေသတည်းလို့အဓိဌာန်ပြုခဲ့တဲ့ကန်ဖြစ်လို့ ရေကန်၏အမည်အပြည့်အစုံမှာ နာဂဓိဌာန်ပုန်းတလုတ်ဟုခေါ်တွင်ကြ၏။

အနားကဂဠုန်ကလည်း နဂါးကို မြင်ပြီး သုတ်ချီပြေးပေမယ့် သုတ်မရတာကြောင့် လူယောင်ဆောင်ပြီး ရှင်ရသေ့ထံ ချဉ်းကပ်ပြီး အကြောင်းစုံ မေးမြန်းရာမှာ “ဒီနဂါးဟာ ပတ္တမြားမျက်ရှင် ငုံထားတဲ့အတွက် ဦးခေါင်းကဖြစ်စေ၊ ခါးကဖြစ်စေ၊ သယ်ယူ၍ မရချေ။

အကယ်၍ ဂဠုန်ဟာ အမြီးပိုင်းကနေ သယ်ဆောင် သုတ်ချီမယ်ဆိုရင် ပတ္တမြားမျက်ရှင် ထွက်ကျမှာ ဖြစ်တဲ့အတွက် ဉာဏ်နည်းသော ဂဠုန်များ မသိနိုင်ကုန်”လို့ ပြောတာ သိလိုက်တာနဲ့တစ်ပြိုင်နက် ဂဠုန်လည်း ရှင်ရသေ့ ပြောတဲ့အတိုင်း နဂါးကို သုတ်ချီပြေးချိန်မှ မင်းသားကို တွေ့မြင်တဲ့နဂါးဟာ “ကယ်တော်မူပါ၊ အသက်ဘေးက ကယ်တင်ရင် ကျေးဇူးဆပ်ပါမည်”ဟု ငိုယိုတောင်းပန်တဲ့အတွက် လေးတော်နှင့် ခွင်းတဲ့အတွက် ကောင်းကင်မှ ပြုတ်ကျပါတယ်။

လေးဒဏ်ရာထိသော ဂဠုန်ဟာ သေအံ့ဆဲဆဲ “ငါနဂါးကို စားရခါနီးအချိန်တွင် သင့်လက်ချက်ကြောင့် သေရတော့မှာ ဖြစ်တဲ့အတွက် နောင်ဘဝမှာ ကြီးစွာသော ခန္ဓာကိုယ်ဖြင့် သင့်လမ်းကြောင်းမှာ ပိတ်ပြီး ရန်မူနိုင်ပါစေ”ဟု ကျိန်ဆိုပြီး သေပါတယ်။

နဂါးကလည်း မင်းသားထံ ချဉ်းကပ်ပြီး အသင်မင်းသား လိုအပ်ချိန်မှာ မြေကြီးကို သုံးချက်ပုတ်၍ ခေါ်လိုက်ပါက အမြန်ချက်ချင်း ကျွန်ုပ်ရောက်လာပြီး ကျေးဇူးဆပ်ပါမည်ဟု ပြောပြီး နေရပ်ပြန်သွားပါတယ်။

ဂဠုန် သည် ဒီဘဝမှ သေဆုံးပြီး အနောက်ဘက်တောင်ကြော အောက်ခြေရှိ တောင်ကမ်းပါးယံတွင် ဥမင်သုံးခုတို့တွင် အလယ်ဥမင်၌ ကြီးမားစွာသော ပင့်ကူကြီး ဖြစ်နေပါတယ်။ အဆိုပါ ဥမင်သုံးခုတို့မှာ ပင်းတယလိုဏ်ဂူတော်တို့ပင် ဖြစ်ပါတယ်။

အဆိုပါ ဥမင်သုံးခု၏ တောင်ခြေရင်းတွင် နတ်သမီးတို့ ရေကစားပျော်မြူးလေ့ရှိသော ရေကန်ကြီး (ပုန်းတလုတ်) တည်ရှိပါတယ်။ ထိုရေကန်ကြီးမှာ ငွေတောင်ပြည်ကို အစိုးရသော နတ်မင်းကြီး၏ သမီးတော် ခုနစ်ဖော်တို့ ရေကစားလေ့ ရှိပါတယ်။

ထိုနေ့မှာ နတ်သမီးတို့ ရေကစားပျော်ပါးနေချိန် အမှောင်ရီပျိုးချိန် ရောက်လာတော့ ငွေတောင်ပြည်ကို မပြန်တတ်တော့ဘဲ အနီးအနားမှာရှိတဲ့ ဥမင်သုံးခု၏ တောင်ဘက်ဆုံး ဥမင်ထဲမှာ တစ်ညတာ အိပ်စက် အနားယူကြပါတယ်။

အလယ်ဂူမှာ နေထိုင်တဲ့ ပင့်ကူကြီးဟာ နတ်သမီးများရဲ့ စကားပြောဆိုသံများကြားရပြီး လျင်မြန်စွာဖြင့် ဂူပေါက်ဝကို ရောက်ရှိလာပြီးတော့ ကြီးမားတုတ်ခိုင်တဲ့ ပင့်ကူမျှင်များနဲ့ အထပ်ထပ်ပိတ်လိုက်ပြီး အလယ်ဂူကို ပြန်သွားပါတယ်။

နောက်တစ်နေ့ မိုးသောက်ချိန်မှာ မင်းသားလေး ရေကန်အနားသို့ ရောက်ရှိလာပြီး အသံကြားသဖြင့် အနီးအနား မော့ကြည့်ရှာဖွေရာ တောင်ကမ်းပါးယံရှိ ဂူများတွင် နတ်သမီး အော်သံများကို ကြားရပြီး သွားရောက် ကြည့်ရှုရာ ပင့်ကူမျှင်များနဲ့ ပိတ်ဆို့နေတဲ့ ဂူပေါက်ဝကို တွေ့ရပါတော့တယ်။

နတ်သမီးတွေကလည်း ကြောက်လန့်ပြီး ဂူပေါက်ဝကို ဖွင့်ပေးရန် တောင်းပန်ပြီး ကယ်တင်ပေးမည်ဆိုပါက အထွေးဆုံး နတ်သမီး ရှင်မိယာကို မင်းသားလေးအား ပေးဆပ်ပါမည်ဟု ကူညီတောင်းပန်ကြတာနဲ့ မင်းသားလေးလည်း စဉ်းစားလိုက်တယ်။

အရင်ဆုံး ဂူပေါက်ဝဖွင့်နေစဉ် ပင့်ကူလက်ချက်နဲ့ သေဆုံးနိုင်တဲ့အတွက် ပင့်ကူကို ရှာဖွေပြီး သတ်နိုင်ရန် မြောက်ဘက်မှာရှိတဲ့ အခြားဂူပေါက်များကို သွားရောက်ရှာဖွေစဉ် အလယ်ဂူမှာ ရန်သူတော် ပင့်ကူကြီးနဲ့ ထိပ်တိုက် ပက်ပင်းတွေ့ဆုံပါတော့တယ်။

ရန်သူတော် ပင့်ကူကြီးဟာ အင်မတန် ကြီးမားပြီး ကျောက်တုံး ကျောက်စိုင်များ နဲ့ ပစ်ခတ်ကာ မင်းသားလေးကို အငြိုးနဲ့စတင် တိုက်ခိုက်ပါတော့တယ်။ ပင့်ကူကြီးဟာ ကြီးမားသော ကျောက်တုံးကြီးများကို ပစ်ခွဲပြပြီး မင်းသားကို တိုက်ခိုက်ပါတယ်။

မင်းသားလေးဟာ ပါလာတဲ့ လေးကိုထုတ်ပြီး မြားနဲ့ ပစ်ခွင်းလိုက်စဉ် လျှပ်စီးရဲ့ လျင်မြန်ခြင်းမျိုးနဲ့ ပဲ့တင်ထပ်ပြီး ပင့်ကူကြီးရဲ့ နားရင်းမှာ စိုက်ဝင်ကာ မသေခင်မှာ နောင်ဘဝများမှာ ဘီလူးကြီးဘဝနဲ့ ထိုမင်းသား သွားလေရာမှာ နှိပ်စက်နိုင်သူ ဖြစ်ပါစေဆိုပြီး ကျိန်ဆို၍ ပင့်ကူကြီး သေပွဲဝင်ရှာပါတယ်။

မင်းသားလေးဟာလည်း “ပင့်ကူရပြီ။ ပင့်ကူရပြီ” ဆိုကာ သုံးကြိမ်တိုင်တိုင် လက်ခမောင်းခတ်ကာ ကြုံးဝါးပါတော့တယ်။ အဲဒီလို မင်းသားလေးဟာ ပင့်ကူရပြီဟု ကြွေးကြော်ခဲ့သည်ကို အစွဲပြုပြီး ပင့်ကူရမှ ပင်းတယဟု မြို့အမည်တွင်လာရခြင်းဖြစ်ကြောင်း ဆိုရိုးရှိပါတယ်။

မင်းသားလေးဟာ နတ်သမီး ခုနစ်ဖော် တို့ကို ပြန်လည် ကယ်တင်လိုက်ချိန်မှာ နတ်သမီး ခုနစ်ဖော်ကလည်း ကတိအတိုင်း အထွေးဆုံး ရှင်မိယာကို မင်းသားလေး နှစ်သက်ပါက ယူဆောင်သွားပါဟုပြောပြီး ငွေတောင်ပြည်ကို ပြန်သွားကြပါတယ်။

မင်းသားလေး ကုမ္မာဘယနဲ့ ရှင်မိယာဟာ ကြီးစွာသော ညောင်ပင်အောက်မှာ အိပ်ရင်း ရန်သူတော် ဘီလူးကြီးဟာ လက်နက်မှာ ကြိုတင်သိမ်းဆည်းပြီး သံကွန်ချာဖြင့် အုပ်ထားလိုက်ပါတယ်။ ထိုသို့ မင်းသားလေး မှောင်မိုက်စွာ နေရသောအရပ်ကို ယခုအခါ တမဲကျေးရွာ ဟု ခေါ်ဆိုပြီး တောင်ရိုးလူမျိုးများ နေထိုင်ကြကာ သီဟိုဠ်နိုင်ငံမှ ပင့်ဆောင်လာတဲ့ ပဥ္စလောဟာနဲ့ ဆင်စွယ်ယပ်တောင်ဟာ ယနေ့တိုင်ရှိနေပါတယ်။

မင်းသားလေးဟာ နဂါးမင်းထံ အကူအညီတောင်းပြီး လက်နက်များကို ပြန်လည် ယူဆောင်စေရာ နဂါးမင်းကလည်း အနားကပ်ပြောလိုက်ဘိသကဲ့သို့ ရောက်ရှိလာပြီး လက်နက်များကို ပြန်လည်ရှာဖွေ ဆက်သစေပါတယ်။

မင်းသားလေးက လက်နက်များကို ဘယ်က ယူလာခဲ့သနည်းမေးရာ ထိုအရပ်ကို ပြောပြချိန် အင်မတန်ဝေးလှသဖြင့် “အလွန်ဝေးလှပါတကား”ဟု ရေရွတ်သောအရပ်ကို ယခုအခါ ပွေးလှဟု ခေါ်တွင်သော ကျေးရွာ ဖြစ်လာပါတယ်။

မင်းသားနဲ့ ဘီလူးကြီးတို့ဟာ အပြင်းအထန် တိုက်ခိုက်ကြပြီးချိန်မှာတော့ မင်းသားဟာ သေငယ်ဇောနဲ့ မျောပြီး ဘီလူးကြီးက မင်းသားလက်ချက်နဲ့ ချက်ချင်းသေဆုံးကာ ထိုနေရာမှာပင် ဥပပတ်ပဋိသန္ဓေဖြင့် ဇော်ဂျီ ဖြစ်လာတယ်။ ဇော်ဂျီဟာ မင်းသားကို တကယ်သေပြီ မှတ်ပြီး ရှင်မိယာလက်ကိုဆွဲပြီး ပင်းတယမြောက် ရေထွက်ဦးအနီးရှိ တောင်ကုန်းလေးမှာ ခေတ္တထိုင်နားကြပါတယ်။

အဲဒီနေရာမှာ ရှင်မိယာဟာ ဇော်ဂျီကို ဥပယ်တံမျဉ်ပြုပြီး သတ်ပစ်လိုက်တဲ့အတွက် ဇော်ဂျီရေထွက်နဲ့ ရှင်မိယာကုန်းအဖြစ် ယနေ့တိုင် ရှိပါတယ်။ မင်းသားလေး အလောင်းကို တွေ့ရချိန်မှာ ရှင်မိယာဟာ ငိုကြွေးတမ်းတချိန် သိကြားမင်းက မင်းသားလေးကို ပြန်လည်အသက်သွင်းခဲ့ပြီး ဗာရာပြည်ကြီးမှာ အိမ်ရှေ့မင်းအရာ ထီးနန်းစိုးစံပါတယ်။

ရှင်မိယာ ရောက်လာချိန်မှစပြီး တိုင်းသူပြည်သားတွေ အနာရောဂါ ကင်းဝေးတာကို မလိုလားတဲ့ သမားတော်ကြီးများက ပရောဟိတ်များနဲ့ ပူးပေါင်း၍ အကောက်ကြံပါတယ်။ ဘုရင့်ကို ကုန်းချောစကား ပြောတဲ့အတွက် မင်းသားလေးကို နယ်ခြားရှိ သူပုန်များ တိုက်ခိုက်ရန် စေလွှတ်လိုက်ချိန် ရှင်မိယာကို သတ်ပြီး လည်ချောင်းသွေးနဲ့ ယာဇ်ပူဇော်ဖို့ လုပ်တာကို နတ်မျက်စိ၊ နတ်နားတို့ဖြင့် ကြားသိရသော ရှင်မိယာဟာ ငွေတောင်ပြည်ကို ပျံတက်သွားပါတယ်။

မင်းသားလေးဟာလည်း နယ်ခြားမှာ ဘာမှမတွေ့တဲ့အတွက် ရိပ်မိပြီး ပြန်လာချိန် အကြောင်းစုံသိကာ စိတ်တော်မကွက်ဘဲ ငွေတောင်ပြည်ကို လိုက်ပါခဲ့ရာ လမ်းခုလတ်မှာ ရှင်ရသေ့နဲ့တွေ့ပြီး ရှင်မိယာ ပေးခဲ့တဲ့ လက်စွပ်ကို ရရှိပါတယ်။

ကြီးစွာသော မြစ်ကြီးကို ကူးဖြတ်ဖို့ ငှက်ဆင်ပျံများကို စီးပြီး တစ်ဖက် ငွေတောင်ပြည်ကို ရောက်ချိန် လူသူအနံ့အသက်များ ဆေးကြောရန် နတ်သမီးလေးများ နတ်ရေကန်မှာ ရေခပ်ဆင်းချိန်ဆုံပြီး မင်းသားလေး အဓိဋ္ဌာန်တာကြောင့် နောက်ဆုံး နတ်သမီးလေး ရေအိုးမပင့်နိုင်ဘဲ မင်းသားလေး ပင့်ပေးလိုက်ချိန်မှာ လက်စွပ်လေးကို ထည့်လိုက်ပါတယ်။

ရှင်မိယာ နောက်ဆုံး ရေအိုးနဲ့ ရေချိုးချိန်မှာ မင်းသားလေး ထည့်ပေးလိုက်တဲ့ လက်စွပ်နဲ့ စွပ်မိပြီး မင်းသားလေး လိုက်လာတာ သိလိုက်တဲ့အတွက် ဖခမည်းတော်မင်းကြီးထံ လျှောက်တင်လိုက်ပါတယ်။ မင်းကြီးကလည်း သမက်တော်အစွမ်းအစ သိလိုတဲ့အတွက် တင်းတိမ်အတွင်းမှာ ရှိနေတဲ့ နတ်သမီး ခုနစ်ဖော်ကို လက်ညှိုးပဲ ထုတ်ထားပြီး ရွေးစေပါတယ်။

သိကြားမင်းကတစ်ဆင့် မာတလိနတ်သား အကူအညီနဲ့ ရွှေယင်ကောင်လေးအဖြစ် မင်းသားလေးနဲ့ မင်းသမီးလေး လက်ညှိုးကို ကူးလူးပြီး ဆက်သွယ်ပြလို့ မှန်ကန်စွာ ရွေးချိန်မှာ မင်းကြီးကလည်း သမက်တော်ဟာ ဘုန်းတန်ခိုးနဲ့ ပြည့်စုံသူ ဖြစ်တယ်လို့ ဆိုပြီး လက်ထပ်ပေးလိုက်ပါတယ်။

ကုမ္မာဘယ မင်းသားလေးနဲ့ ရှင်မိယာ တို့ဟာ ငွေတောင်ပြည်မှာ နန်းစံပြီးချိန် အကြည်အသာ ခွင့်ပန်ပြီး ဗာရာပြည်ကို ပြန်လာခဲ့ကာ နတ်ရွာစံသွားပြီဖြစ်သော အရိုက်အရာကို ဆက်ခံကာ အုပ်ချုပ်မင်းလုပ်တော် မူပါတယ်တဲ့။

Crd,

Leave a Reply

Your email address will not be published.