ရန်ကုန်မှ မန္တလေးသို့ သွားသော ရထားပေါ်တွင် ဖြစ်သည် (တန်ရာတန်ရာပေါ့ဗျာ)
တန်ရာတန်ရာပေါ့ဗျာ….ရန်ကုန်မှ မန္တလေးသို့ သွားသော ရထားပေါ်တွင် ဖြစ်သည်။
ရထားပေါ်မှာပါလာတဲ့ ခရီးသည်တစ်ဦးရဲ့ လက်ထဲမှာ ဟောင်းနွမ်းနေတဲ့ ၂၀၀ တန်အစုတ်လေး တစ်ရွက်။
သူက လာသမျှ ဈေးသည်တွေကို အဲဒီပိုက်ဆံလေးနဲ့ လိုက် ဝယ်နေတယ်။
ဒါပေမယ့်…ဈေးသည် တော်တော်များများက “ဒီပိုက်ဆံလေး ပြန်လဲပေး ပါဦး” ဆိုပြီး လဲခိုင်း တယ်။
ဒီတော့ သူစဉ်းစားနေတယ်..”အင်း” ဒီအတိုင်းဝယ်နေလို့ကတော့ အဆင်ပြေမှာမဟုတ် ဘူး။
ငါ နောက်ဘူတာကို ရောက်ရင် ရထားထွက်ခါနီးမှပဲ ဝယ်မယ်။ ဒီလိုဆိုရင်သူတို့ ပြန်လဲခိုင်းလို့ရမှာမဟုတ်တော့ ဘူး”
သူ့အကြံနဲ့သူကတော့ ဟုတ်လို့ပေါ့။
နောက်လာမဲ့ဘူတာမှာလည်း ဈေးသည် တစ်ယောက်..
သူကတော့ ရောင်းလို့မကုန်တဲ့ထမင်းသိုး တွေကို ရထား ထွက်ခါနီးမှ အပြေးအလွှား လိုက်ရောင်းတာ။
ဘူတာကိုလဲရောက် ရထားပြန်ထွက်ခါနီး ဥသြလဲဆွဲရော – ရထားဘီးတွေကလဲ တစ်လိမ့်ချင်း လိမ့်စပြုလို့ ဒီတော့မှ ဈေးသည်က …
“ထမင်းတွေရမယ် ထမင်းတွေရမယ် ပူပူနွေးနွေးလေးနော် !တစ်ထုပ်မှ ၂၀၀ ပဲ၊ယူကြဦးမလား ? ”
နှစ်ရာတန်အစုတ် ကိုင်ထားတဲ့ ခရီးသည်ကလဲ ..
“လာဦးဗျို့ … တစ်ထုပ်လောက်ပေးပါ”
“ဟုတ်ကဲ့…ရော့ရော့… ပိုက်ဆံချပေးလိုက်လေ”
“အေး အေး”
ခရီးသည်ကလဲ ပိုက်ဆံအစုတ်လေး ထွက်သွားပြီး ထမင်း ထုပ်လေး ရလာတော့ သူ့ကိုသူ ဟုတ်လှပြီပေါ့။
ဈေးသည်ကလဲ ထမင်းသိုးတစ်ထုပ်က ပိုက်ဆံနှစ်ရာ ပေးတယ်ဆိုတော့ ဝမ်းသာ လို့လေ…
ရထားပေါ်ကပစ်ချလိုက်လို့ လေထဲဝဲနေတဲ့ ပိုက်ဆံလေးကို အမိအရ ဖမ်းပြီးတော့မှ …
“ဟင်” !
ခရီးသည်ကလဲ ဈေးသည်ကို လှမ်းကြည့်သနားပါတယ် ဆိုတဲ့ သဘောပေါ့ !
ပြီးတော့မှ ထမင်းစားမယ်ဆိုပြီး အိတ်ဖွင့် လိုက်တော့မှ…
“ဟာ” !!
မိတ်ဆွေတို့ရေ ..ဒီ(ဟင် နဲ့ ဟာ)ကိုအနှစ်ချုပ်ရင်…* အစုတ်ပေးရင်_အပုပ်ရတယ်။ ** အပုပ်ပေးရင်_အစုတ်ရတယ် * ဆိုတဲ့သဘောပါ။
စိတ်ထားလေးတွေမကောင်းသရွေ့အကျိုးပေးလဲညံ့တတ်တယ်ဆိုတာ သတိရစေချင်လို့ပါ။
လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
Credit:ကောင်းကင်ထက်က ကြယ်စင် {ကလေး}