မင်းကုသနှင့်ပဘာဝတီ တို့ ဖူးစာဆုံရသည့်အကြောင်းအရင်း

ဟိုးရှေးရှေးတုန်းက မလ္လတိုင်း ကုသဝတီနေပြည်တော်မှာ သြက္ကာကရာဇ်မင်းကြီး နန်းစံပြီး မိဖုရားကြီး သီလဝတီနှင့် မောင်းမပေါင်းတစ်သောင်းခြောက်ထောင်ရှိသော်လည်း နန်းအရိုက်အရာဆက်ခံဖို့ သားသမီးတစ်ယောက်မှ မထွန်းကားချေ။

တိုင်းသူပြည်သားတွေကလည်း ဘုရင်ကြီးမှာ မျိုးဆက်သစ်မရှိလျှင် တိုင်းပြည်ပျက်တော့မည်ကို အစိုးရိမ်ကြီး စိုးရိမ်နေခဲ့ကြသည်။ ထိုသို့ စိုးရိမ်နေသူများထဲတွင် သီလဝတီမိဖုရားကြီးမှာ ထိပ်ဆုံးကဖြစ်ပြီး သူမတာဝန်မကျေပွန်၍ တိုင်းပြည်ဆက်လက်မရပ်တည်နိုင်မည်ကို စိုးရိမ်ကြောင့်ကြလျက် စိတ်ညှိုနွမ်းနေခဲ့သည်။

သီလနှင့်ပြည့်စုံသော မိဖုရားကြီးစိတ်ညှိုးနွမ်းနေတဲ့အဖြစ်ကို မကြည့်လိုသော သိကြားမင်းမှာ လူ့ပြည်သို့ဆင်းသက်ပြီး မိဖုရားကြီးအိပ်စက်နေချိန် မိဖုရားကြီး၏ချက်ကို ညွှန်လိုက်ရာ ဘုရားလောင်းနတ်သားသည် ယင်းခဏတွင်ပင် ပဋိသန္ဓေတည်လေသည်။ ဆယ်လလွန်ပြီးချိန်မှာ ရုပ်ဆိုးပေမယ့် ပညာဉာဏ်ရည်ပြည့်ဝသော ကုသမင်းသားလေးကို ဖွားမြင်သည်။

ကုသမင်းသားလေးသည် ဆရာများထံမှ နည်းနာခံ ပညာသင်ယူစရာမလိုဘဲ ဘက်စုံပညာရပ်များတွင် ပါရဂူမြောက်အောင် တတ်ကျွမ်းလေသည်။ သြက္ကာကရာဇ်မင်းကြီးသည် ကုသမင်းသားလေးအရွယ်ရောက်လာချိန်မှာ သင့်တော်ရာမင်းသမီးတစ်ပါးကို ကြင်ဖက်လျာအဖြစ်ရွေးချယ်ပြီး ထီးနန်းကိုလွှဲပေးလိုသည်။

ကုသမင်းသားမှာမူ အိမ်ထောင်မပြုလို၍ ငြင်းဆန်လေသည်။ လေးကြိမ်မြောက်ငြင်းဆန်ပြီးသောအခါမှ မိဘဆန္ဒနှင့် ဆန့်ကျင်ဘက်ပြုရန် မသင့်ကြောင်းတွေးမိသဖြင့် ကိုယ်တိုင်ထုလုပ်ထားသော ရွှေသားယမင်းရုပ်တုပေးပြီးလျှင် ထိုရုပ်တုနှင့်တူသော မင်းသမီးကိုရလျှင် ကြင်ယာအဖြစ်ပေါင်းသင်းမည်ဟု မယ်တော်အား စကားအမှာပါးလိုက်၏။

မယ်တော် သီလဝတီမိဖုရားကြီးလည်း ရွှေယမင်းရုပ်တုနှင့်တူသော မင်းသမီးကိုရှာဖွေရန် မှူးမတ်များကို တာဝန်ပေးအပ်လေသည်။

မှူးမတ်များသည် ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကိုလှည့်လည်ကြရာ နောက်ဆုံးမှာ မဒ္ဒရာဇ်တိုင်းပြည်ရှိ မဒ္ဒရာဇ်မင်းကြီး၏သမီးတော်ရှစ်ပါးထဲမှ ရွှေယမင်းရုပ်တုအတိုင်း ကိုယ်ရောင်ကိုယ်ဝါတောက်ပပြီး အလွန်လှပသော အကြီးဆုံးသမီးတော် ပဘာဝတီမင်းသမီးကိုသွားတွေ့သည်။

မှူးမတ်များမှာအသနားခံပြီး ကုသမင်းသားလေးနဲ့လက်ဆက်ရန်တောင်းခံသောအခါ ခမည်းတော်မဒ္ဒရာဇ်မင်းကြီးမှာ ကြည်ဖြူသဖြင့် မင်္ဂလာနေ့ရက်ကို ချိန်းဆိုသတ်မှတ်ပြီးလျှင် ရွှေယမင်းရုပ်တုကိုပေးပြီး ကုသဝတီနေပြည်တော်ကို ပြန်လာခဲ့ကြသည်။

မှူးမတ်များထံမှ ရွှေယမင်းရုပ်တုနှင့်တူသော ပဘာဝတီမင်းသမီးကိုရှာဖွေတွေ့ရှိကြောင်း သတင်းကြားရသော် သီလဝတီမိဖုရားမှာ အတိုင်းမသိပျော်ရွှင်ရလေသည်။ ထိုသို့ပျော်ရွှင်နေရသော်ငြားလည်း ပူပန်စရာတစ်ခုရှိနေရသောအကြောင်းရင်းတစ်ခုမှာ အကျည်းတန်ရုပ်ဆိုးသော ကုသမင်းမျက်နှာကိုမြင်လျှင် ပဘာဝတီမင်းသမီး မင်္ဂလာကိစ္စကိုငြင်းဆန်မှာကိုပင်။

ထို့ကြောင့် ရင်သွေးလေးရလာမှ ကလေးသံယောဇဉ်ကြောင့် ရုပ်ဆိုးသော ကုသမင်းသားကို ပစ်မသွားနိုင်ဟု တွေးတောပြီးလျှင် မလ္လတိုင်း၏ထုံးတမ်းစဉ်လာဟုဆိုကာ ကုသမင်းသားလေးနှင့် မင်းသမီးကို “ နေ့အတူမစံရ၊ ညအခါကျမှ အတူစံကြ .. ” ဟု စည်းကမ်းသတ်မှတ်လိုက်ကာ အောင်မြင်စွာ မင်္ဂလာဘိသိက်သွန်းပေးနိုင်ခဲ့သည်။

ထိုအချိန်မှစ၍ ကုသမင်းသားမှာ မလ္လတိုင်း၏ ထီးပိုင်မင်းဖြစ်လာခဲ့သည်။ မယ်တော်ချမှတ်ထားတဲ့စည်းကမ်းအတိုင်း ကုသမင်းကြီးမှာ ညအချိန်တွင်သာ ပဘာဝတီအလှတရားကို ရှုစားနိုင်ခဲ့သည်။ တွေ့ဆုံချိန်ကြလျှင်လည်း ကုသမင်း၏ဘုန်းကံကြောင့် ပြိုးပြိုးပြက်ပြက် လင်းလက်တောက်ပသော ပဘာဝတီမိဖုရား၏ အရောင်အဝါတို့မှာ မှေးမှိန်သွားသည်။

သို့နှင့် ကုသနှင့်ပဘာဝတီတို့မှာ သီလဝတီမိဖုရားချမှတ်ထားသော အစီအစဉ်အတိုင်း နေထိုင်လာခဲ့ကြသည်။ ပဘာဝတီ၏စွဲမက်စရာ အလှအပကို နေ့တွင်လည်း မြင်ဖူးချင်သော ကုသမင်းမှာ ထိုစည်းကမ်းကို စဖောက်တော့သည်။

သီလဝတီမိဖုရားမှာလည်း သားတော်၏အလိုကို လိုက်ရှာသည်။ ပဘာဝတီကို ဆင်မင်္ဂလာပွဲကိုခေါ်လာပြီး သားတော်ကို ဆင်ထိန်းယောင်ဆောင်စေ၍ ကြည့်စေသည်။ ဒုတိယအကြိမ်အဖြစ် မြင်းမင်္ဂလာပွဲတွင် ကုသမင်းကို မြင်းထိန်းအသွင်ဆောင်စေပြန်ကာ ပဘာဝတီအလှကို ရှုစားစေပြန်သည်။

ကုသမင်းမှာ မတင်းတိမ်နိုင်ဘဲ ထပ်မံပူဆာပြန်သဖြင့် မယ်တော်သည် ပဘာဝတီ ရေချိုးဆင်းလေ့ရှိသော မင်္ဂလာရေကန်ရှိရာ ဥယျာဉ်ထဲမှာ စောင့်ကြည့်စေလေသည်။ ရောင့်ရဲမှုမရှိသော ကုသမင်းမှာမူ မင်္ဂလာရေကန်ထဲဆင်းပြီးလျှင် ပဒုမ္မာကြာဖက်ဖြင့် ဦးခေါင်းကိုဖုံးလျက် ကြာပွင့်ဖြင့် မျက်နှာကိုကွယ်ကာ စောင့်နေလိုက်သည်။

များမကြာမီတွင် ရေချိုးဆင်းလာသော ပဘာဝတီမှာ ရေချိုးရင်း လှပသော ပဒုမ္မာကြာပွင့်ကြီးကိုမြင်မြင်ချင်း ခူးဆွတ်မည်ပြုသောအခါ ကုသမင်းမှာ ကြာဖက်ကိုဖယ်လိုက်ပြီး ပဘာဝတီလက်ကို ဖမ်းဆွဲလျက် ‘‘ ငါ ကုသမင်းပါ .. ’’ ဟု ဆိုလိုက်သည်။

ပဘာဝတီမိဖုရားမှာ ‘‘ ငါ့ကို ဘီလူးဖမ်းပြီ .. ’’ ဟု မြည်ကြွေးလျက် မေ့လဲကျသွားလေတော့သည်။ သတိပြန်လည်လာ၍ မိမိ၏လက်ကိုဆွဲကိုင်သူမှာ ကုသမင်းဖြစ်မှန်းသိသောအခါ ရုပ်ဆိုးသူနှင့် မပေါင်းဖက်လိုသဖြင့် ပဘာဝတီတစ်ယောက် မိဘနှစ်ပါးရှိရာ သာဂလမြို့တော်ဆီကို ပြန်သွားလေသည်။

ပဘာဝတီပြန်သွားလျှင် ကုသမင်းမှာ သောကပင်လယ်ဝေပြီး ချစ်ဇနီးရှိရာ ယူဇနာပေါင်းများစွာဝေးကွာသော သာဂလမြို့ကို ခြေလျင်လျှောက်လျက် လိုက်လာခဲ့သည်။ သာဂလမြို့တော်ကိုရောက်လျှင် ကုသမင်းမှာ ဆင်ထိန်းများထံတွင်တည်းခိုသည်။

တစ်ညမှာ ဆင်တင်းကုပ်၌အိပ်ရင်း တစ်ရေးနိုးချိန်တွင် စောင်းတော်တီး၍ ပဘာဝတီအမျက်ပြေစေရန် ကြိုးစားလေသည်။ ထိုအသံကို ပဘာဝတီကြားသော် ကုသလိုက်လာမှန်းသိသည့်အခါ မင်းနေပြည်တော်တွင် ညအချိန်၌ စောင်းမတီးရ အမိန့်ချမှတ်လိုက်သည်။

ကုသမင်းသည် ဆင်ထိန်းများထံတွင်ဆက်နေလျှင် ပဘာဝတီအားတွေ့နိုင်မည့် အရိပ်အယောင်မတွေ့ရသဖြင့် အိုးထိန်းသည်၊ ကျူထရံသည်၊ ပန်းကုံးသည်အဖြစ် အဆင့်ဆင့်ဟန်ဆောင်နေထိုင်ရင်း ခုနစ်လအကြာတွင် ပဘာဝတီအထိန်းတော်တစ်ဦးအား လာဘ်ထိုး၍ နန်းတော်ရှိစားဖိုဆောင်တွင် စားတော်ချက်တစ်ဦးအဖြစ် ဟန်ဆောင်ချဉ်းကပ်သည်။

ထိုအကြောင်းသိသော ပဘာဝတီမှာ ခွင့်မလွှတ်သည့်အပြင် ပိုအမျက်ထွက်ကာ မေတ္တာတုံ့ပြန်ခြင်းအလျဉ်းမရှိခဲ့ပေ။ လုံးဝချဉ်းကပ်လို့မရသည့်အဆုံးမှာ ကုသသည် မင်းနေပြည်တော်ကို ပြန်ဖို့ဆုံးဖြတ်လေတော့သည်။

ယင်းအဖြစ်ကိုမြင်သော သိကြားမင်းသည် မဒ္ဒရာဇ်မင်းကြီး ၏တမန်တော်အဖြစ် အသွင်ဆောင်ယူကာ ခုနစ်ပြည်ထောင်သောမင်းများထံသို့သွား၍ ‘‘ ပဘာဝတီမင်းသမီးမှာ ကုသမင်းကိုစွန့်ပစ်ကာ ပြန်လာသည် .. သင်တို့ ပဘာဝတီကို လာယူလှည့် .. ’’ ဟု တစ်ပါးစီ သတင်းပို့သည်။

ခုနစ်ပြည်ထောင်သောမင်းတို့သည်လည်း မဒ္ဒရာဇ်မင်းကြီးထံရောက်လာကြပြီးလျှင် ‘‘ ပဘာဝတီကို ပေးမည်လော .. စစ်ကို ထိုးမည်လော .. ’’ ဟု ရာဇသံပေးပြီး သာဂလမြို့ကို နောက်လိုက်တမန်တော်များဖြင့် ဝိုင်းရံထားကြသည်။

မြို့တော်ပျက်မည်ကို စိုးရိမ်သော မဒ္ဒရာဇ်မင်းကြီးက ပဘာဝတီအား ကုသမင်းကိုစွန့်ပစ်ခြင်းအကျိုးကို သိစေလိုသော်ငှာ “ ပဘာဝတီမင်းသမီးကို ခုနစ်ပိုင်းပိုင်းပြီး ခုနစ်ပြည်ထောင်သောမင်းတို့ကို ပို့ဆက်စေ .. ” ဟု အမိန့်ထုတ်လိုက်တော့သည်။ ထို့အမိန့်ကိုကြားသော ပဘာဝတီမှာ ငိုကြွေးလျက် မယ်တော်ထံချဉ်းကပ် အကူအညီတောင်းလေသည်။

မယ်တော်သည် ကုသ၏ဂုဏ်ကျေးဇူးကိုဖော်ထုတ် ချီးကျူးကာ “ ကုသသာရှိရင် ခုနစ်ပြည်ထောင်သောမင်းတို့ရဲ့ ရန်ကနေလည်း ကင်းဝေးနိုင်ပါတယ် သမီးတော် .. ” ဟု ဆိုသည်။ ထိုအခါမှ မယ်တော်အား ကုသမင်းမှာ စားဖိုဆောင်တွင် အမှုထမ်းနေသော ကုသမင်းကို ပြတင်းပေါက်မှ လက်ညှိုးညွှန်ပြ၍ ကုသမင်းရောက်နေကြောင်းသိသည်ကို ဝန်ခံပြောကြားသည်။

ထိုအခါ မယ်တော်သည် ပဘာဝတီအား ပြစ်တင်ပြောဆိုပြီးလျှင် မင်းနေပြည်တော်တွင် ကုသရောက်နေကြောင်းကို မဒ္ဒရာဇ်မင်းထံ ချက်ချင်းသွားလျှောက်တော်မူသည်။

ကုသမင်းရောက်နေကြောင်းသိသော မင်းကြီးမှာ ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ကုသမင်းအား “ အရှင်မင်းမြတ် ကျုပ့်သမီးမိုက်ရဲ့ အမိုက်မှောင်ကို ခွင့်လွှတ်တော်မူပါ .. ” ဟု တောင်းပန်စကားဆိုလေသည်။ ပြီးနောက် သမီးတော်ပဘာဝတီကိုလည်း ကုသမင်းဂုဏ်ကျေးဇူးကို ဖော်ကျူးစေလျက် ကုသမင်း၏ခြေဖဝါးကို အသနားခံကန်တော့စေသည်။

ထိုအခါမှ လက်ရုံးရည် နှလုံးရည်ပြည့်ဝသော ကုသမင်းသည် မိမိစီးသောဆင်ပေါ်တွင် ပဘာဝတီကိုတင်ဆောင်လျက် ခုနစ်ပြည်ထောင်သောမင်းတို့ကို ထိပ်တိုက်တိုက်စစ်ဆင်၍ ခုနစ်ပါးစလုံးကို အရှင်လတ်လတ်ဖမ်းမိကာ စစ်အောင်နိုင်ခဲ့သည်။ ကုသလည်း မင်းခုနစ်ပါးကို မဒ္ဒရာဇ်မင်းထံ ဆက်သသည်။

တဖန် မဒ္ဒရာဇ်မင်းက ကုသမင်းကိုပြန်လွှဲအပ်သဖြင့် မဒ္ဒရာဇ်မင်း၏ကျန်ရှိသော သမီးတော်ခုနစ်ပါးကို မင်းတစ်ပါးစီလက်ဆောင်ဆက်၍ ရန်ပြေငြိမ်းစေရန် ချစ်ကြည်ရေးရယူစေခဲ့သည်။ ပဘာဝတီလည်း ကုသမင်း၏ချစ်ခြင်းမေတ္တာကို နားလည်သဘောပေါက်ကာ မလ္လတိုင်း ကုသဝတီနေပြည်တော်ကို လိုက်ပါသွားပြီးလျှင် ကုသမင်းနှင့်အတူ ပျော်ရွှင်စွာ ပြန်လည်ပေါင်းသင်းနေထိုင်လေတော့သည်။

( ကုသမင်းနှင့် ပဘာဝတီတို့ဖူးစာဆုံရသည့် အကြောင်းရင်း )

ကုသမင်းသည် အတိတ်ကာလ ဘဝတစ်ခုတွင် ဗာရာဏသီပြည် မြို့တံခါးရွာတွင် လူငယ်တစ်ယောက်ဖြစ်ခဲ့ပြီး အစ်ကိုလင်မယားမောင်နှံနှင့်အတူ တစ်အိမ်ထဲအတူနေကြသည်။

တစ်နေ့သောအခါ အစ်ကိုရဲ့ဇနီးက အလွန်အရသာရှိသည့်မုန့်ကိုကြော်ပြီး တောထဲသွားနေသော လူငယ်လေးအတွက် မုန့်အနည်းငယ်ချန်ကာ ကျန်မုန့်များကို စားလိုက်လေသည်။ တခဏအချိန်၌ အိမ်ရှေ့မှာ အရှင်ပစ္စေကဗုဒ္ဓတစ်ပါး ဆွမ်းခံကြွလာသောအခါ ချန်ထားသောမုန့်ကို အစ်ကို့ဇနီးက ကပ်လှူလိုက်သည်။ လူငယ်လေး တောထဲမှပြန်လာသောအခါ သူ့အတွက် ချန်ထားသော မုန့်ကိုကပ်လှူကောင်းရမလားဟု သပိတ်ထဲမှ ပြန်နှိုက်ယူလေသည်။

ထိုအခါ မရီးဖြစ်သူမှာ သူ့အမေအိမ်သွားပြီး ရလာတဲ့ထောပတ်တွေကို ထပ်မံလောင်းလှူပြီးလျှင် သူမလောင်းလှူလိုက်သည့် ထောပတ်တွေမှာ အရောင်အဝါတွေထွက်နေသည်ကိုတွေ့သည့်အခါ ဝမ်းသာအားရဖြင့် “ ယခုကပ်လှူရတဲ့ ဒါနကုသိုလ်ကြောင့် ဘုရားတပည့်တော်မ ခန္ဓာကိုယ်မှာ အရောင်အလင်းများ ဖြစ်ပေါ်ကာ သာလွန်သော ရုပ်အဆင်းကိုရရပါလို၏။

ဤ မသူတော်နှင့်လည်း တစ်ခုသောအရပ်မှာ အတူတူနေရခြင်း မဖြစ်ပါစေနဲ့.. ” ဟု ဆုတောင်းလေသည်။ ထိုဆုတောင်းကိုကြားသော လူငယ်လေးမှာမူ သူ့မုန့်ကို ပြန်လှူရင်း “ ဤအမျိုးသမီးနှင့်ဝေးရာ ယူဇနာတစ်ရာရှိ အကွာအဝေးအရပ်မှာ နေရပါစေ .. ထိုအရပ်မှာ ဆောင်ယူကာ ခြေရင်းတော်၌ အလုပ်အကျွေးပြုခြင်းငှာ စွမ်းဆောင်နိုင်သောသူ ဖြစ်ရပါလို့၏ .. ” ဟု ဆုတောင်းခဲ့သည်။

ထိုဆုတောင်းတွေကြောင့်ပဲ သပိတ်ထဲမှာ မုန့်ကိုအမျက်ဒေါသဖြင့် ပြန်ယူမိသည့် အကုသိုလ်ကံကြောင့် ယခုဘဝမှာ ရုပ်ဆိုးသောကုသမင်းအဖြစ်လည်းကောင်း၊ အဆီအနှစ်ပြည့်ဝသော ထောပတ်ကပ်လှူသည့် ကုသိုလ်ကံကြောင့် ပဘာဝတီမင်းသမီးမှာ ချောမောလှပသည့်အပြင် ခန္ဓာကိုယ်တွင်အရောင်အဝါထွန်းလင်းသည့် မင်းသမီးတစ်ပါးအဖြစ်မွေးဖွားလာခဲ့ပြီး ယခုဘဝတွင် ကုသမင်းနှင့်ပေါင်းဖက်ရန် အကြောင်းဖန်လာခဲ့ခြင်းဖြစ်သည်။

ဇာတ်လမ်းအားလုံးပေါင်းသော် ကုသမင်းမှာ ဗုဒ္ဓမြတ်စွာဘုရားအလောင်း၊ ပဘာဝတီမင်းသမီးမှာ ယသော်ဓရာ၊ ကုသမင်း၏မယ်တော် သီလဝတီမိဖုရားမှာ မယ်တော်မာယာပဲ ဖြစ်ပါတယ်။

Crd,မူရင်းရေးသူအားလေးစားစွာဖြင့်

Leave a Reply

Your email address will not be published.