“အသက် ၆၀ ကျော်မှ ဘဝစပြီးအောင်မြင်ခဲ့တဲ့ KFC သူဌေးနဲ့ မြန်မာပြည်က ပင်စင်စားတချို့ရဲ့ ဘဝကို နှိုင်းယှဉ်ကြည့်ခြင်း”

“ဘဝအစ ၆၅ က” တစ်လောက ပဲခူးခေတ္တပြန်တယ်။ ကျောင်းတစ်ကျောင်းမှာ ဟောပြောခွင့်ရခဲ့တယ်။ ဟောပြောပွဲအပြီးမှာမိတ်ဆွေ တစ်ယောက်ကလာနှုတ်ဆက်တယ်။ သူလည်း ကိုယ်နဲ့ ဘဝတူကျောင်းဆရာ ခုတော့အငြိမ်းစားပေါ့။

“ခုဘာတွေလုပ်နေလဲ” ကျွန်တော်ကမေးလိုက်တာ။ သူက “ဘာလုပ်ရမှာလဲ အငြိမ်းစားဆိုတော့ အိမ်မှာမြေးထိန်းပြီး ပေးတာယူ ကျွေးတာစားဘဝပေါ့”

“ခင်ဗျား အသက်ဘယ်လောက်လဲ”

“၆၃”

“ကျွန်တော့်ထက်တောင် ငယ်သေးတယ်။ ဒါပေမဲ့ ကျွန်တော်ခုထိ တစ်ချက်မှမနားသေးဘူး ရုန်းကန်နေတုန်းပဲ” “ကျွန်တော်က ခင်ဗျားလို စာမှမရေးတတ်တာ”

“ကျွန်တော်လည်း ခင်ဗျားလို ပန်းပုမထုတတ်ပါဘူး။ ခင်ဗျား ပန်းပုလက်ရာလေးတွေ ကျွန်တော်မမေ့ဘူး ဘာဖြစ်လို့ ပန်းပုထုပြီး ကိုယ့်ဘာသာကို ရပ်တည်နိုင်အောင် မကြိုးစားတာလဲ”

“၆၀ ကျော်ပြီလေ လုပ်ချင်ကိုင်ချင်စိတ်တွေလည်း မရှိတော့ပါဘူး” ကျွန်တော်ဆက်ပြီး သူနဲ့မငြင်းတော့ပါဘူး။ ၆၀ ကျော်မှ ဘဝစခဲ့ရတဲ့သူတွေ အများကြီး။ ကျွန်တော်က အဲဒီ ၆၀ ကျော်မှ ဘဝစပြီး အောင်မြင်သွားတဲ့သူတွေထဲမှာ ကာနယ်ဆင်းဒါးကို သဘောအကျဆုံးပဲ။

ကာနယ်ဆင်းဒါးကို မြန်မာတွေသိလာကြပါပြီ။ ဒါပေမဲ့ ဆင်းဒါးအနေနဲ့ သိတာမဟုတ်ဘူး။ KFC အနေနဲ့သာသိကြတာ။ KFC ကြက်ကြော်ဆိုင်တွေက ခုဆိုရင် ကမ္ဘာမှာသာမက မြန်မာနိုင်ငံကိုလည်း ထိုးဖောက်နေပြီလေ။

ကာနယ်ဆင်းဒါးတစ်ယောက် အသက် ၆၅ နှစ်ရောက်တော့ လူကလည်းဆင်းရဲ ကားစုတ်လေးနဲ့နေရတယ်။ ပင်စင်လူမှုရေး ထောက်ပံ့ငွေ ၉၉ ဒေါ်လာနဲ့ပဲ ရပ်တည်ခဲ့ရတယ်။ ဆင်းဒါးက ကြက်ကြော်ကြိုက်တယ်။ သူငယ်ချင်းတွေကို သူ့လက်ရာ ကြော်ကျွေးရင်လည်း သဘောကျကြတယ်။

သူ့မှာကြက်ကြော်နည်းတစ်ခုရှိတယ်။ ဒီနည်းကိုသူက မြို့တကာလှည့်ပြီးရောင်းတယ်။ ကြက်သားတွေကြော်ပြီး လိုက်ကျွေး၊ ကြိုက်တယ်ပြောရင် အဲဒီနည်းရောင်းမယ် ဝယ်မလားပေါ့။

လူတွေက မြည်းကြည့်တယ်၊ ကြိုက်တယ်၊ ဒါပေမဲ့ နည်းစနစ်ကိုရောင်းမယ်လို့ ပြောလိုက်ရင် “နိုး” ဆိုပြီး ငြင်းကြတယ်။ ဆင်းဒါးကမှတ်ထားတယ်၊ သူ့ကိုငြင်းပယ်တဲ့ အကြိမ်ပေါင်း ၁၀၀၀ ကျော်ရှိပြီ။

သူကသူ့ရဲ့ ကြက်ကြော်နည်းအပေါ် ယုံကြည်တယ်။ တစ်နေ့မှာ ငါ့နည်းကို လူတွေလက်ခံလာရမယ်ဆိုတဲ့ မလျှော့သောဇွဲနဲ့ တစ်ဆိုင်ပြီးတစ်ဆိုင် လိုက်စပ်တယ်။

၁၀၀၉ ကြိမ်မြောက်မှာ ဆိုင်တစ်ဆိုင်က “ရက်စ်” ဆိုပြီး လက်ခံလိုက်တယ်။ အောင်မြင်မှုတစ်ခုရဖို့ ၁၀၀၈ ကြိမ်တိတိ အငြင်းခံရတာပါ။ အဲဒီနောက်ဆုံး ၁၀၀၉ ကြိမ်မြောက်ကျမှ “ရက်စ်” ဆိုတာလေးက သူ့ဘဝကို အပြောင်းအလဲကြီးတစ်ခု ဖြစ်သွားစေခဲ့တာပါ။

အသက် ၆၅ နှစ်မှ ကာနယ်ဆင်းဒါးဟာ ဘဝကိုစခဲ့ပါတယ်။ “ကင်တပ်ကီကြက်ကြော်” Kentucky Fried Chicken (KFC) ဆိုတာ လွယ်လွယ်လေးပေါ်လာတာ မဟုတ်ပါဘူး။ အဘိုးကြီးတစ်ယောက်ရဲ့ ဇွဲနဲ့ ၁၀၀၉ ကြိမ်တိုင်တိုင် ကြိုးစားခဲ့ရတဲ့ ရလဒ်ဆိုတာ သိထားပါ။

ကျွန်တော်က မိတ်ဆွေကိုနှုတ်ဆက်ပြီး ကားပေါ်တက်လိုက်တယ်။ “ခင်ဗျား ပန်းပုရုပ်လေးတွေဆက်ထုပါလား” “မအားပါဘူး” “ဘာလုပ်နေရလို့လဲ” “မြေးထိန်းနေရလို့” ကျွန်တော်ဘာမှ မပြောတော့ပါဘူး။

လူတိုင်းက ကိုယ့်ဘဝကို ကိုယ်ရွေးချယ်ကြရတာပါ။ ဗမာတွေ အယူအဆက အသက်ကြီးလာရင် ဘုရားရိပ်၊ တရားရိပ်ခိုပြီး၊ သားသမီးကိုမှီ မြေးကိုချီဖို့ လူဖြစ်နေကြရတာဆိုတော့ ကျွန်တော်ပြောလည်း အလကားနေမှာ။

အသက် ၆၅ နှစ်ကျော်မှ ဘဝကိုစခဲ့တဲ့ ကာနယ်ဆင်းဒါးကတော့ ကျွန်တော့်အတွက် Role Model တစ်ယောက်ဖြစ်ပါတယ်။ ခုဆိုရင် ကျွန်တော်အသက် ၆၄ နှစ်ရှိပြီ။ ဆင်းဒါးလို မချမ်းသာချင်ပါဘူး။ ကျန်းကျန်းမာမာနဲ့ စာတွေပဲရေးချင်တာ။

Credit

Leave a Reply

Your email address will not be published.