ထူးခြားပြီး အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ ဝါးနဲ့ဆောက်ထားသော မြန်မာနိုင်ငံက စာသင်ကျောင်းလေး

နိုင်ငံခြားသားခရီးသွားတွေ အလာအများဆုံးဒေသတွေထဲကတခုဖြစ်တဲ့ အင်းလေးကန်အနီး၊ ရှမ်းတောင်တန်းတွေ ဝန်းရံထားတဲ့ ညောင်ရွှေမြို့နယ် ချောင်းစောက်ကျေးရွာမှာ ဝါးနဲ့ ဒီဇိုင်းဆန်းဆန်းတည်ဆောက်ထားတဲ့ အဆောက်အအုံ ၃ ခုဟာ ဖြတ်သွား ဖြတ်လာတိုင်းကို အထူးအဆန်းတခုလိုဖြစ်စေပြီး လည်ပြန်ကြည့်သွားစေပါတယ်။

ညောင်ရွှေကနေ မိုင်းသောက်သွားတဲ့ လမ်းမဘေး၊ အင်းလေးကန်ရဲ့ အရှေ့မြောက်ဘက်နားမှာရှိတဲ့ ဒီ အဆောက်အအုံ ၃ ခုမှာ အမှတ်တမဲ့ မြင်လိုက်ရင်တော့ နိုင်ငံခြားသားခရီးသွားတွေအတွက် ဟိုတယ် ဒါမှမဟုတ် စားသောက်ဆိုင် အသစ်တခုလို့ ထင်ရပါတယ်။

ဒါပေမယ့် ခြံဝန်းထဲမှာ ကလေးတွေ ကစားတဲ့ ဆီးဆော၊ လျှော၊ ဒန်းစတာတွေကို မြင်သွားရင်တော့ ကလေးတွေနဲ့ ဆိုင်တဲ့ နေရာတခုခုလို့ မှန်းဆနိုင်ပါလိမ့်မယ်။အဲဒီအဆောက်အအုံ ၃ ခုဟာ ညောင်ရွှေရဲ့ ပထမဦးဆုံးကိုယ်ပိုင်ကျောင်း ဖြစ်ပါတယ်။

ညောင်ရွှေနဲ့ အင်းလေးဒေသဝန်းကျင် မှာရှိတဲ့ ကလေးတွေအတွက် “အင်းလေးဒေသအမွေအနှစ်” က မြေ ၄ ဧက နေရာမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။အင်းလေးဒေသအမွေအနှစ်ကို တည်ထောင်သူဒေါ်ယဉ်မျိုးစုဟာ အင်းလေးမှာ Inle Princess Resort နဲ့ ရခိုင်ပြည်နယ်မှာ Mrauk-U Princess Resort ဆိုပြီး ဟိုတယ်နှစ်ခုရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်ပြီး အင်းလေးကန်နဲ့ အင်းသားရိုးရာ အမွေ အနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်မှုတွေအတွက် အသိအမှတ်ပြုခံထားရသူလည်း ဖြစ်ပါတယ်။

ဒေါ်ယဉ်မျိုးစုရဲ့ အခု နောက်ဆုံးဆောင်ရွက်မှုတွေထဲမှာ ပညာရေးကဏ္ဍ ပါဝင်လာပါတယ်။“ကျမရဲ့အလုပ်ခွင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျမရဲ့ပတ်ဝန်းကျင်က မိသားစုတွေမှာ အခုနောက်ပိုင်းကလေးငယ်တွေ အများကြီး တွေ့လာရတယ်။

ဒီကလေးတွေကို မြင်တော့ ဒီဒေသ ဒီပတ်ဝန်းကျင်မှာ ကျမငယ်ငယ်က ကျမလိုချင်ခဲ့တဲ့ ငယ်ဘဝ ပုံစံမျိုးလေး သူတို့ကိုရစေချင်မိတယ်” လို့ ဇွန်လ ၁၈ ရက်နေ့က သူ့ရဲ့ “အင်းလေးဒေသအမွေအနှစ် ကိုယ်ပိုင်ကျောင်း” ကို ဧရာဝတီသတင်းဌာနရဲ့ သတင်းထောက်တွေကို ပြသရင်း ရှင်းပြပါတယ်။

ညောင်ရွှေပတ်ဝန်းကျင်တဝိုက်မှာ ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုပြီး ကျောင်းသားတွေကို အနုပညာ၊ အားကစား၊ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှု၊သမိုင်းအမွေအနှစ်နဲ့ ရပ်ရွာပတ်ဝန်းကျင်အကြောင်းပိုနားလည်စေနိုင်မယ့် အစိုးရ ကျောင်းတွေထက် ပိုပြီးကျောင်းသားတွေအတွက် အခန်းကဏ္ဍတွေ စုံစုံလင်လင်ရှိတဲ့ ကျောင်းမျိုးလိုအပ်တယ်လို့ ယူဆကြောင်းလည်း ဒေါ်ယဉ်မျိုးစုကပြောပါတယ်။

“ကျမက ဒီမှာမွေးခဲ့တယ်၊ ဒီမှာနေတယ်၊ ဒီမှာပဲ အသက် မွေးဝမ်းကျောင်း ပြန်လုပ်တယ်။ အဲဒီအတွက် ကျမရဲ့ပတ်ဝန်းကျင် အတွက် ကျမတတ်နိုင်သလောက် ပြန်ပြီးလုပ်ပေးချင်တယ်၊ အထူးသဖြင့် နိုင်ငံရဲ့ အပြောင်းအလဲ ကာလမျိုးမှာပေါ့” လို့ ကျောင်းဆောက်ဖြစ်ရတဲ့အကြောင်း ဧရာဝတီကို ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်ကစပြီး ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ခွင့်လိုင်စင်တွေ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ စစခွင့်ပြုခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ ကိုယ်ပိုင်ကျောင်းပေါင်း ၆၀ ကျော် စာရင်းသွင်းလုပ်ကိုင်ခဲ့ပြီး ၂၀၁၆-၁၇ ပညာသင်နှစ်မှာတော့ကိုယ်ပိုင်ကျောင်းပေါင်း ၅၈၅ ကျောင်း စာရင်းရှိခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနရဲ့ အကြီးအကဲတဦးဖြစ်သူ ဦးကျော်သူက ဧရာဝတီကို ပြောပါတယ်။

အနောက်နိုင်ငံတွေရဲ့ သင်ရိုးအသုံးပြုသင်ကြားတဲ့ နိုင်ငံတကာ ကျောင်းနဲ့ ကိုယ်ပိုင်ကျောင်းတွေ အရမ်း ခေတ်စား လာပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ ကျောင်းလခဈေးအကြီးဆုံး နိုင်ငံတကာကျောင်းတကျောင်းဟာ ကျောင်းသားတယောက်ကို ပျမ်းမျှအားဖြင့် တလ ဒေါ်လာ ၂၀၀၀ လောက်အထိ ကောက်ခံတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

မြန်မာအစိုးရ အသိအမှတ်ပြု သင်ရိုးဒါမှမဟုတ် မြန်မာအစိုးရသင်ရိုးနဲ့ပဲ သင်ကြားတဲ့ ကိုယ်ပိုင်ကျောင်းတကျောင်းမှာ ယေဘုယျအားဖြင့် ကျောင်းသား တယောက်ကို တလ မြန်မာငွေ ၅၀၀၀၀ ခန့် အနည်းဆုံးကောက်ခံတယ်လို့ သိရှိရပါတယ်။

အင်းလေးဒေသအမွေအနှစ် ကိုယ်ပိုင်ကျောင်းမှာတော့ မူကြိုနဲ့ သူငယ်တန်းကလေးများအတွက် ကျောင်းလခ တလကို မြန်မာငွေ ၃၅၀၀၀ ကျပ် ကောက်ခံပြီး ပထမတန်းနဲ့ ဒုတိယတန်းကလေးများအတွက်တော့ ၄၀၀၀၀ ကျပ် ကောက်ခံတယ်လို့ သိရပါတယ်။

အင်းလေးဒေသအမွေအနှစ် ကိုယ်ပိုင်ကျောင်းရဲ့ ပထမဦးဆုံးအဆောင် ၃ ဆောင်ကို တနှစ်ခန့် အချိန်ယူ ဆောက်လုပ်ခဲ့ရပြီး ကျောင်းရဲ့ ပထမဦးဆုံးပညာသင်နှစ်ကို ယခုနှစ် ဇွန်လ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

crd,

Leave a Reply

Your email address will not be published.