ဝါသနာကိုစွန့်မလွှတ်ဘဲ ကြိုးစားရုန်းကန်လာခဲ့ပြီးနောက် အိမ်အကူဘဝမှ ဖက်ရှင် အဝတ်အထည်လိုင်းတစ်ခုရဲ့ပိုင်ရှင်ဖြစ်လာခဲ့တဲ့ အမျိုးသမီး

Posted by

ဝါသနာကိုစွန့်မလွှတ်ဘဲ ကြိုးစားရုန်းကန်လာခဲ့ပြီးနောက် အိမ်အကူဘဝမှ ဖက်ရှင် အဝတ်အထည်လိုင်းတစ်ခုရဲ့ပိုင်ရှင်ဖြစ်လာခဲ့တဲ့ အမျိုးသမီး

နောက်ထပ်သော ဖိလစ်ပိုင်အမျိုးသမီးတစ်ဦးဟာ ကနေဒါရှိ ဖက်ရှင်လုပ်ငန်းမှာ အမှတ်တံဆိပ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။ အဆိုပါ Genette Mujar အမည်ရှိအမျိုးသမီးရဲ့အောင်မြင်မှုရဲ့စိတ်အားထက်သန်မှုဇာတ်လမ်းဟာ ဘဝတွင် ကြိုးစားအားထုတ်မှုဖြင့် ၎င်းတို့၏အိပ်မက်များကိုအောင်မြင်နိုင်ကြောင်းနောက်ထပ်အထောက်အထားတစ်ခုဘဲဖြစ်ပါတယ်။ ယခုအခါ Genette ဟာ Canada အခြေစိုက် Gnetz Design အဝတ်အထည်လိုင်း၏ ဂုဏ်ယူစရာကောင်းသောပိုင်ရှင်နှင့် အမှုဆောင်အရာရှိချုပ်ဖြစ်လာခဲ့ပါပြီ။

ဒါပေမယ့် သူမရဲ့ယခုလို ကြီးမားတဲ့အိပ်မက်ကို မအောင်မြင်ခင်မှာ သူမဟာ ပထမဆုံး ပြုစုစောင့်ရှောက်သူအိမ်အကူတစ်ဦးဖြစ်ရခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ Albay ပြည်နယ်တွင်မွေးဖွားခဲ့တဲ့ Genette ဟာ Bicol တက္ကသိုလ်တွင်ပညာသင်ကြားခဲ့ပြီးဖြစ်ပါတယ်။ထို့နောက် ၂၀၀၇ ခုနှစ်တွင် သူမဟာ ကနေဒါသို့ထွက်ခွာခဲ့ပြီး ပြုစုစောင့်ရှောက်သူအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး သူမရရှိသည့်ဝင်ငွေကလည်း ဖိလစ်ပိုင်ရှိ သူမမိသားစု၏လိုအပ်ချက်အားလုံးအတွက် လုံလောက်ခဲ့ကြောင်း The Filipino Channel (TFC) နှင့် မျှဝေခဲ့ပါတယ်။

ဝင်ငွေအလုံအလောက်ရှိသော်လည်း Genette ဟာ သူမ၏ဖက်ရှင်အပေါ် ချစ်မြတ်နိုးမှုကို မစွန့်လွှတ်နိုင်ခဲ့သလို သူမဟာ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ဖို့ အမြဲစိတ်ကူးယဉ်ခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။ ထို့ကြောင့် သူမဟာ ဈေးဆိုင်များသို့သွားကာ ပြန်လည် တစ်ခေတ်ထလာနိုင်မဲ့ ပြန်လည်စတိုင်ကျလာနိုင်မဲ့ ခေတ်ဟောင်းအဝတ်အစားများရှာဖွေရတာကို အတော်လေးနှစ်သက်သူဘဲဖြစ်ပါတယ်။

အသက် 50 အရွယ်တွင် Genette ဟာ နောက်ဆုံးမှာ သူမ၏ အိပ်မက်ကြီးဆီသို့ သတ္တိရှိရှိလျှောက်လှမ်းရန် သတ္တိထားခဲ့ပြီး ဖက်ရှင်ကျောင်းတက်ဖို့ ပိုက်ဆံချေးကာ ကနေဒါ Vancouver မြို့မှာရှိတဲ့ Visual College of Art and Design မှာ ပညာတက်ရောက်သင်ကြားခဲ့ပါတယ်။ ပို့စ်တစ်ခုမှာတော့ သူမရဲ့အောင်မြင်မှုကို ဂုဏ်ယူစွာ မျှဝေရင်း “ ဒီမှာ ပညာသင်ကြားခွင့် ရခဲ့တယ်၊ အဲ့အခွင့်အရေးကို ဘာလို့ စွန့်ပစ်ရမှာလဲနော် ၊ ကျွန်မလုပ်နိုင်တယ်ဆိုတာ ကျွန်မသိနေတယ် ၊ သူများတွေတောင်လုပ်နိုင်ရင် ဘာလို့ ကျွန်မက မလုပ်နိုင်ရမှာလဲနော် ” ဟုရေးသားထားခဲ့ပါတယ်။

ဖက်ရှင်ကျောင်း၌ ပညာသင်ယူနေစဉ် Genette ဟာ အလုပ်သင်ကျောင်းသားဖြစ်လာခဲ့ပြီး သူမဟာ နံနက်ပိုင်းတွင် ပြုစုစောင့်ရှောက်ရေးအလုပ်ကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး နေ့လည်ပိုင်းတွင် အတန်းတက်ခဲ့ရပါတယ်။

သူမရဲ့ဝတ်စားဆင်ယင်မှုအမှတ်တံဆိပ်ကို စတင်တည်ထောင်ချိန်မှာတော့ သူမရဲ့ကြိုးစားအားထုတ်မှုတွေအားလုံးဟာ အောင်မြင်နိုင်ခဲ့ပါတယ်။ နာမည်ကျော် ဓာတ်ပုံဆရာများနှင့် မိတ်ကပ်ပညာရှင်တို့နှင့်အတူ မဂ္ဂဇင်းဓာတ်ပုံရိုက်ကူးမှုများတွင် Genette ၏ဒီဇိုင်းများကို အသုံးပြုခဲ့ပြီး သူမဟာ Binibining Pilipinas International Canada ၏ ကိုယ်စားလှယ်လောင်းအချို့၏ ဒီဇိုင်နာတစ်ဦးဖြစ်လာရန်ပင် လျာထားခံခဲ့ရပါသေးတယ်။

ကနေဒါအခြေစိုက်ဆိုပေမဲ့ သူမ၏ဒီဇိုင်းများကို ဖိလစ်ပိုင်လူမျိုးမှ အဓိက inspire ယူထားခဲ့တာကြောင့် Genette မှာ ဖိလစ်ပိုင်သူတစ်ယောက်ရဲ့စိတ်နှလုံးသားရှိနေဆဲဖြစ်ပါတယ်။ Genette ဟာ သူမရဲ့ဇာတ်လမ်းကို ဘဝမှာ အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ကြောက်ရွံ့နေသေးသူတွေအတွက် လှုံ့ဆော်မှုတစ်ခု ဖြစ်လာစေချင်ခဲ့ပါတယ်။ကျွန်တော်တို့အတွက် သူမရဲ့အကြံပေးချက်ကတော့ အခွင့်အလမ်းများကိုယူပြီး အန္တရာယ်များကိုရင်ဆိုင်ရန် မကြောက်ပါနှင့်၊ အထူးသဖြင့် ကျွန်တော်တို့ အမှန်တကယ် စိတ်အားထက်သန်တဲ့အရာတွေအပေါ် လက်မလွှတ်လိုက်ကြဖို့ဘဲ ဖြစ်ပါတယ်။

သူမက “ လုပ်သာလုပ်လိုက်ပါ ၊ မင်း သူတို့ထက် အများကြီးပိုသာပါတယ်” ဟုလည်းပြောကြားခဲ့ပါတယ်။ အဆုံးသတ်အနေနဲ့ Genette ဟာ သူမအား ထောက်ခံအားပေးကြသူများအားလုံးကို ကျေးဇူးတင်ကြောင်းနှင့် ” ပံ့ပိုးမှုအတွက် ကျေးဇူးတင်ရှိပါတယ်၊ ကမ္ဘာတဝှမ်းက လူအများအပြားနဲ့ စိတ်ကူးယဉ်အနုပညာရှင်များစွာနဲ့ ဖိလစ်ပိုင်ဒီဇိုင်နာများစွာကို အားပေးဖို့ မျှော်လင့်ပါတယ်!” ဟုလည်းဆိုခဲ့ပါတယ်။