စီးပွါးဖြစ် ကွမ်းစိုက်မည့်သူများအတွက်ကွမ်းစိုက်ရမည့်လများနှင့် ကွမ်းစိုက်ပျိုးနည်းများ

ကွမ်းစိုက်ပျိုးခြင်း

(၁) ကွမ်းစိုက်လများ
တစ်နှစ်ပတ်လုံး စိုက်ပျိုးဖြစ်ထွန်းသော်လည်း ဆောင်းရာသီတွင်မူ အမြစ်ပွားမှု အားနည်းခြင်းကြောင့် စိုက်လေ့မရှိကြပေ။

အအေးပေါ့သော အောက်ပိုင်းဒေသများတွင် ဆောင်းရာသီတွင်လည်း စိုက်ပျိုးကြပါတယ်။ အချို့က စတင်စိုက်ခါစတွင် ရောဂါကျရောက်မှု ရှောင်ရှားလိုသဖြင့် ဆောင်းအဝင်၊ သို့မဟုတ် ဆောင်းရာသီတွင် စိုက်ပျိုးကြပါတယ်။

အကောင်းဆုံး ကွမ်းစိုက်ရာသီများမှာ ဆောင်းအကုန် နွေအကူး (တပေါင်း၊ တန်ခူး) နှင့် မိုးအကုန် ဆောင်းအကူး (တော်သလင်း၊ သတင်းကျွတ်၊ တန်ဆောင်မုန်းလ) များ ဖြစ်ကြပါတယ်။

” ကွမ်းစိုက်ဝါဆို၊ ကွမ်းခွေပြာသို ” ဟု ဆိုသည့်အတိုင်း ဝါဆိုလမှာ ကွမ်းပင်အောင်မြင်ဖြစ်ထွန်းလေ့ရှိပါတယ်။ ဝါဆိုလမှာ မိုးကောင်းသဖြင့် ရောဂါကျရောက်မှုများ၍ စတင်စိုက်ပျိုးသူများအတွက် မသင့်လျှော်ပေ။

ကွမ်းစိုက်အတွေ့အကြုံရင့်လာလျှင် မည်သည့်လတွင်မဆို အောင်မြင်စွာ စိုက်ပျိုးနိုင်ပါတယ်။ စတင်စိုက်ပျိုးမည့်သူများအတွက် သီတင်းကျွတ် သို့မဟုတ် တန်ဆောင်မုန်းလမှာ အသင့်တော်ဆုံးဖြစ်ပါတယ်။” တော်သလင်း လူပျင်းကွမ်းစိုက်” ဟု ဆိုရိုးအတိုင်း တော်သလင်းလတွင် စိုက်လျှင်လည်း အောင်မြင်ဖြစ်ထွန်းကြသည်။

(၂) ကွမ်းမျိုးရွေးခြင်း
ကွမ်းပင်သက်တမ်း တစ်နှစ်သားမှ သုံးနှစ်သားအတွင်း ကွမ်းခြံများမှ မျိုးရနိုင်လျှင် အကောင်းဆုံးဖြစ်ပါတယ်။ မိမိမျိုးယူမည့်ခြံသို့ တတ်သိနားလည်သူများကို ခေါ်ယူပြီး ကြိုတက်လေ့လာကာ စိတ်ကြိုက်မျိုးတွေ့ မှသာ မျိုးယူသင့်ပါတယ်။

မျိုးယူရာတွင် ခြံရှင်ကို ကွမ်းစိုက်ပျိုးထားသော သက်တမ်း၊ အသုံးပြုသော မြေဩဇာနှင့် ပိုးသတ်ဆေးများ ပြုစုစောင့်ရှောက်ပုံတို့ကို မေးမြန်းစုံစမ်းသင့်ပါတယ်။ အထူးသဖြင့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး အလွန်အကျူံးသုံးသော ခြံများမှ မျိုးယူစိုက်လျှင် မိမိခြံမြေပေါ် ‌ရောက်သောအခါ အပင်ဖြစ်ထွန်းမှု အားနည်းတတ်ပါတယ်။

ရောဂါဆိုးရွားစွာ ကျရောက်နေသောခြံများ၊ အပင်လှီလွန်းပြီး ဖြစ်ထွန်းမှုအားနည်းသော ခြံများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး အလွန်အကျူးသုံးစွဲသော ခြံများမှ မျိုးကို မယူသင့်ပေ။ မစိုက်မီ တစ်လခန့်ကြိုတင်ကာ ရောဂါကင်းသော မျိုးခြံများမှ ကြိုတင်မှာကြားထားသင့်ပါသည်။

ကွမ်းမျိုးများ ဖြတ်ရာတွင် အစာရေစာ ဝလင်နေသော ညနေပိုင်းအချိန်များတွင် ဖြတ်သင့်ပါသည်။

(၃) ကွမ်းမျိုးညွန့်များ သယ်ဆောင်ခြင်း
ကွမ်းမျိုးညွန့်များကို ရေမဖျန်းပဲ ရေ‌စက်ရေပေါက်များကုန်အောင် အရိပ်ရသော နေရာတွင် လေသလပ်ထားပါ။ ထုပ်ပိုးရာတွင် ပလပ်စတစ်အိပ်များဖြင့် အလုံမပိတ်သင့်ဘဲ လေဝင်လေထွက်ရှိသော စက္ကူပုံး၊ တောင်းများဖြင့် ထည့်သင့်ပါတယ်။

သယ်ဆောင်ရာတွင်လည်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှရှောင်ပါ။ မိမိနေရာသို့ ရောက်သောအခါ ကွမ်းညွန့်များ အပူရှပ်ပြီး မပျက်စီးစေရန်အတွက် ချက်ချင်းရေမဖျန်းသင့်ပေ။ တောင်းထဲမှ ထုတ်ပြီး နေရောင်တိုက်ရိုက်မကျသော၊ လေဝင်လေထွက်ကောင်းသော နေရာများတွင် စီပြီး ၂၄ နာရီ လေသလပ်ထားပါ။

(၄) ဆေးစိမ်ခြင်း
မိရိုးဖလာ ကွမ်းစိုက်သမားများမှာ မည်သည့်ဆေးမှ မစိမ်ဘဲ တိုက်ရိုက်စိုက်ပျိုးကြပါတယ်။ ခေတ်သစ်စိုက်ပျိုးရေးတွင် အပင်အသေအပျောက်နည်းရန်နှင့် အမြစ်မြန်မြန်ပွားများရန်အတွက် ဆေးစိမ်ပြီး စိုက်ပျိုးကြပါတယ်။ မြေအောက်မြုပ်မည့် ပင်စည်ပိုင်းများကို ဆေးစိမ်ကာ လေသလပ်ထားပြီးနောက် မြေချစိုက်နိုင်ပါတယ်။
credit

Leave a Reply

Your email address will not be published.