ရေခဲသေတ္တာလုံးဝမလိုတဲ့ အညာဒေသရဲ့ ခရမ်းချဉ်သီးကို ကြာရှည်ခံအောင် ထားသိုနည်း

ကျနော်တို့ ရွာမှာတော့ ခရမ်းချဉ်သီးကို တနွေလုံးစာအတွက် ဒီလိုလေးတွေ အိမ်အောက်ထပ်မျက်နှာကျက်မှာ တွဲထား ချိတ်ထားကြပါတယ်။

ချဉ်ပေါင်ချော်ကိုရေစိမ်ပြီး ကြိုးအဖြစ်သုံးကာ ခရမ်းချဉ်သီးတွဲကြတယ်။ ခုခေတ်ကတော့ အလွယ်ရတဲ့ ပလပ်စတစ်ကြိုးပေါ့…။

ချက်ကာနီးကြမှ အတွဲလေးတွေကနေ မှည့်တဲ့အသီးလေးတွေ စားကုန်သလောက် ရွေးဖြုတ်ပြီးချက်စားကြတယ်။

အမှည့်လွန်ပြီး ကြွေကျတဲ့အသီးကျ အစေ့ထုတ်ညှစ်ယူပြီး အစေ့ကိုအခြောက်လှန်းထားကြတယ်။ မျိုးစေ့ပြန်ယူတာပေါ့။

လုံးဝ ပုတ်မသွားဘူးနော်။ ပုံထဲကလိုပဲ အိမ်အောက်ထပ် နေရောင်ခြည်တိုက်ရိုက်မကျတဲ့နေရာ လေဝင်လေထွက်ရှိတဲ့နေရာမှာ တွဲထား တန်းထားရပါတယ်။

အတွဲမှာ ကြာလို့ ပုတ်နေတဲ့အသီးလေးတွေတော့ ချွေပေးရပါတယ်။ စားချင်ကာမှ အမှည့်လေးတွေ ရွေးပြီး ချက်စားကြပါတယ်။ဘာရေခဲသေတ္တာမှ မလိုဘူး။တနွေစာအေးဆေးပဲ။

နွေရာသီကျ ဈေးကြီးလွန်းတဲ့ ခရမ်းချဉ်သီးကို ဝယ်စားရလည်း လွတ်တဲ့နည်းလေးပေါ့။

တွဲနည်းလေးကတော့….တလုံးချင်း အပ်ပေါက်ထိုးသီတာမဟုတ်ဘူးဗျ။ ခရမ်းချဉ်သီး ကို သုံးလုံးတွဲ လေးလုံးတွဲ စသဖြင့် ခူးကတည်းက အခိုင်လိုက် အညှာပါ ပါအောင် ကပ်ကြေးနဲ့ ညှပ်ပြီး ခူးရပါတယ်။

ကြွေသွားတဲ့အလုံးတွေကိုကတော့ စကောနဲ့ကျင်းထားပြီး ချက်သာစားပစ်ပါ။ မှည့်သွားရင်တော့ ခရမ်းချဉ်သီး ငပိလုပ်ပြီး အခြောက်ခံသိမ်းထားလို့ရပါတယ်။

အိမ်ရောက်မှ အိမ်အောက်ထပ်လွတ်လွတ်ကင်းကင်းနေရာမှာ ကြိုးတန်းပြီး တွဲထား ချိတ်ထားကြပါတယ်။
credit

Leave a Reply

Your email address will not be published.