တခြားနိုင်ငံသား အများစု မသိကြတဲ့ မြန်မာနိုင်ငံရဲ့ တည်နေရာ…
မြန်မာပြည်ကို ကမ္ဘာ့နိုင်ငံအများစုကဘယ်နားရှိမှန်းမသိကြဘူး။ ဟိုးအရင်ဘာမား (Burma) ခေတ်က ထိုင်းနိုင်ငံနားပြောလိုက်ရင်အများစုသိကြတယ်။
နိုင်ငံနာမည်မြန်မာ (Myanmar) ပြောင်းပြီးနောက်ပိုင်း “ မြန်မာ” ဆိုတာဘယ်နားကမှန်းဥရောပနိုင်ငံအများစုမသိကြတာထားတော့။
အိမ်နီးခြင်းတရုတ်ကတောင်မြန်မာနိုင်ငံဘယ်နားရှိမှန်းမသိတာကြုံဖူးတယ်။
မြန်မာနဲ့နယ်နမိတ်ခြင်းထိစပ်နေတဲ့တရုတ်နိုင်ငံယူနန်ပြည်နယ်ဆိုရင်မြန်မာကိုသိဖို့များတယ်။
ဒါတောင်ယူနန်ပြည်နယ်ကအကျယ်ကြီး၊ပြည်နယ်ဧရိယာစတုရန်းကီလိုမီတာသုံးသိန်းကိုးသောင်းကျော်လို့မြန်မာတနိုင်ငံလုံးအကျယ်အဝှန်းတဝက်ကျော်ရှိတယ်။
မြန်မာနိုင်ငံနယ်စပ်မြို့မူဆယ် တဘက်ခြမ်းတရုတ်နိုင်ငံရွှေလီ (Ruuli) နဲ့ဝမ်တိန် (Wanding) တဝိုက်ပဲ မြန်မာနိုင်ငံကို ကောင်းကောင်းသိနိုင်မယ်ထင်တယ်။
ရွှေလီဆိုတာယူနန်ပြည်နယ်ကြီးထဲကခရိုင်အဆင့် Dehong ခရိုင်ထဲမှာရှိတဲ့ဝမ်တိန်နားကနယ်စပ်မြို့ငယ်လေးပါ။
မြန်မာ-တရုတ်နယ်ကုန်သွယ်ရေးလုပ်နေတာ မူဆယ်-ရွှေလီအဓိကပါ။ဒါကြောင့်ယူနန်ပြည်နယ်တခုလုံးမြန်မာနိုင်ငံကိုသိဖို့မသေချာဘူး။
တရုတ်နိုင်ငံ Guangzhou နဲ့ Fuzhou ဘက်ရောက်တော့ တက္ကစီဆရာကို မြန်မာပြည်သိလားစကားပြန်ကတဆင့် မေးတာလှည့်ကြည့်ပြီး ခေါင်းခါပြတယ်။
ဘားမား (Burma) လည်းမသိဘူးတဲ့။”ထိုင်းနိုင်ငံနားလေ” ပြောတာခေါင်းခါပြတယ်။
မကျေနပ်သေးလို့ထပ်မေးချင်ပေမယ့်တက္ကစီဆရာကစိတ်ဝင်စားဟန်မပြတာနဲ့ဆက်မမေးဖြစ်ဖူး။
Shanghai တက္ကစီဆရာကဘိုလိုနည်းနည်းရတယ်။သူကိုယ်တိုင်လိုလိုလားလားနဲ့။
“ဘယ်ကလာတာလဲ” “ မြန်မာ ” သူခေါင်းခါပြတာနဲ့။ “ယူနန်ပြည်နယ်အနောက်မှာ” ပြောလိုက်တော့။
သူက “ ယူနန်ပြည်နယ်က ရှန်ဟိုင်းနဲ့အဝေးကြီး “ ကျွန်တော်က။
“ ယူနန်ပြည်နယ်ရောက်ဘူးလား” “ မရောက်ဖူးဘူး..တရုတ်မြေပုံထဲမှာမြင်ဖူးတာ..ရှန်ဟိုင်းနဲ့အဝေးကြီး”
တရုတ်နိုင်ငံအရှေ့ပိုင်းရှန်ဟိုင်းနဲ့ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကူမင်းမြို့အထိ ၂၃၁၆ ကီလိုမီတာကွာဝေးတယ်။
မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံးကော့သောင်ကနေ ကချင်ပြည်နယ်မြစ်ကြီးနားအထိ ၁၃၈၇ ကီလိုမီတာပဲရှိတယ်။
ဒါနဲ့ကျွန်တော်က။ “ မြန်မာကထိုင်းနိုင်ငံနဲ့ကပ်ရက်လေ” သူခေါင်းထပ်ခါနေတယ်။
“ ဘင်္ဂလားဒေ့ချ်နဲ့နယ်စပ်ခြင်းထိစပ်တယ်” သူကားထဲက GPS ကိုစောင်းကြည့်ရင်အနောက်ကိုလှည့်ခေါင်းခါပြတယ်။
တရုတ်တက္ကစီအများစု GPS သုံးကြတယ်။သူ့ GPS မှာရှန်ဟိုင်း – ယူနန်အကွာအဝေးကိုလက်ညိုးထိုးပြတယ်။ကားလမ်းကီလိုမီတာ ၂၃၀၀ ကျော်။
ကျွန်တော်မကျေနပ်သေးဘူး။ “ ဘင်္ဂလားပင်လယ်အော်အရှေ့ဘက်ကမြန်မာနိုင်ငံ” တက္ကစီဆရာပါးစပ်ဟပြီးအနောက်ကိုလှည့်ကြည့်တယ်။
“ Yes…မင်းတို့မြန်မာနိုင်ငံကဧဝရက်တောင်နားမှာလား.” “ဟုတ်တယ်”
အဲ့တော့မှတက္ကစီဆရာခေါင်းတငြိမ့်ငြိမ့်နဲ့ “ သိပြီ…သိပြီ” လုပ်တယ်။
ကမ္ဘာ့မြေပုံမှာ မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ်က ဧဝရက်တောင်ခြေမှာရှိနေတာပဲ။
ရှန်ဟိုင်းတက္ကစီဆရာသိသလိုမြန်မာနိုင်ငံကဧဝရက်တောင်နားမှာပြောတာမှားတယ်ပြောမရဘူး။
ရှန်ဟိုင်းလေဆိပ်ရောက်တော့။ “ ဧဝရက်တောင်နားကမြန်မာနိုင်ငံလာမလည်ခြင်ဖူးလား ” မေးကြည့်တော့။
” ပျင်းစရာကြီး…ရေခဲတောင်တွေချည်းပဲ…ဘာမှပျော်စရာရှိမှာမဟုတ်ဘူး…” တဲ့။
တရုတ်အင်တာနက် Baidu ဖွင့်ကြည့်တော့ရန်ကုန်ကနေ နီပေါ်နိုင်ငံဧဝရက်တောင်ခြေစခန်းကိုအကွာအဝေးကီလိုမီတာ ၁၅၆၀ ကျော်ရှိတယ်။
ဒရိုင်ဘာကိုပြကြည့်တော့ “ သိပ်မဝေးပါဘူး ” တဲ့။သူကရှန်ဟိုင်း – ကူမင်း(ယူနန်) အကွာအဝေးကိုကြည့်ပြီး “ သိတ်မဝေးဘူး ” ပြောတာထင်တယ်။
အချက်အလက်မပါပဲ မြန်မာနိုင်ငံတည်နေရာကို နိုင်ငံခြားသား အလွတ်သိနိုင်တာအရှေ့တောင်အာရှနိုင်ငံကပဲရှိမယ်ထင်တယ်။
မူရင်း ဆရာ လွင်ဦး_ရန်ကင်း ရေးသားထားသည်ကို ပြန်လည်မျှဝေပါသည်။ လေးစားစွာဖြင့် ခရက်ဒစ်